သတိပေးချက်
April 1, 2026

မြန်မာဘက်က လက်နက်ကြီးကျည်ဆန်များ ထိုင်းဘက်ကျ၍ မြန်မာ ၅ ဦးနှင့် ထိုင်းတစ်ဦး ဒဏ်ရာရ

April 1, 2026

April 1, 2026

မြန်မာနိုင်ငံ မြဝတီမြို့နယ်အတွင်း ဖြစ်ပွားနေသောတိုက်ပွဲများမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ဆန်များ ထိုင်းနိုင်ငံ မဲဆောက်မြို့ နယ်စပ်ကျေးရွာထဲ ကျရောက်ခဲ့သဖြင့် မြန်မာနိုင်ငံသား ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

နောက်ထပ် ထိုင်းနိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသားတစ်ဦးလည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနအချို့တွင် ဖော်ပြထားသည်။

လက်နက်ကြီးကျည်ဆန် ထိမှန်မှုကြောင့် အသက် ၇ နှစ်၊ အသက် ၁၁ နှစ်၊ အသက် ၁၃ နှစ်အရွယ် မြန်မာကလေးငယ်သုံးဦးနှင့် အသက် ၄၈ နှစ်အရွယ် မြန်မာအမျိုးသမီးတို့မှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၃၁ ရက်နေ့က မြဝတီမြို့နယ် မင်းလက်ပံ၊ ဖလူးလေး၊ ဖလူးကြီးကျေးရွာများတွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေခြင်းဖြစ်သည်။

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်ကော်မရှင်တပ်၏ နောက်ဆုံးလက်ကျန် စခန်းဖြစ်သော ဝေါလေဗျူဟာကုန်းကို KNLA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စတင်ထိုးစစ်ဆင်တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ကြောင်း ပြည်တွင်းကလာသော သတင်းများအရ သိရသည်။

ယင်းတိုက်ပွဲတွင် စစ်ကော်မရှင်ဘက်က လေကြောင်းပစ်ကူများ၊ ကာမီကာဇေ အသေခံဒရုန်းများနှင့် လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်နေ‌သည်။

နှစ်ဖက်တိုက်ပွဲများက ပစ်ခတ်လိုက်သော လက်နက်ကြီး၊ လက်နက်ငယ်များသည် မတ်လ ၃၁ ရက်နေ့ နံနက်နှင့် ညနေပိုင်းများတွင် ထိုင်းဘက်အခြမ်း နယ်စပ်ဒေသဖြစ်သော မဲဆောက်မြို့နယ် မဟာဝမ်ကျေးရွာသို့ ကျရောက်ခဲ့ပြီး နေအိမ် ၉ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းများတွင်ဖော်ပြသည်။

နေ့လယ်ပိုင်းတွင် ၈၁ မမအမျိုးအစား လက်နက်ကြီးကျည်သည် သောင်ရင်းမြစ်နှင့် ၂၀၀ မီတာခန့်အကွာ ထိုင်းနိုင်ငံဘက် မဟာဝမ်ကျေးရွာရှိ မြန်မာနိုင်ငံသားများနေထိုင်ရာ အိမ်တစ်ဆောင်သို့ ထိမှန်ခဲ့သည်။

ယင်းလက်နက်ကြီး ကျည်ဆန်ကြောင့် ယင်းနေအိမ်တွင် နေထိုင်သော မြန်မာနိုင်ငံသား ၄ ဦးမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။

ထိခိုက်ဒဏ်ရာရရှိသူများကို ထိုင်းစစ်တပ်က နီးစပ်ရာ ကျန်းမာရေးဌာနသို့ ပို့ဆောင်ပေးခဲ့ပြီး မဲဆောက်ဆေးရုံကြီးသို့ ထပ်မံပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။

တိုက်ပွဲအသံနှင့် လက်နက်ကြီးအန္တရာယ်ကြောင့် မဟာဝမ်ကျေးရွာအတွင်းက နယ်စပ်နေ နေအိမ် ၄၀၀ ကျော်ကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရကြောင်း ဖော်ပြသည်။

ထိုင်းဘက် လက်နက်ကြီးကျရောက်မှုကြောင့် ထိုင်းနယ်ခြားစောင့်တပ်က ၁၂၀ မမ အမျိုးအစား လက်နက်ကြီး ၄ ချက် ပြန်လည်ပစ်ခတ်သတိပေးခဲ့ကြောင်း သတင်းအရသိရသည်။

လက်ရှိတွင် ထိုင်းနယ်ခြားစောင့်တပ်များက နယ်စပ်ဒေသတစ်လျှောက်ကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: MGR Online, Amarin TV, Siamrath, Khoaosod, Ch 7