သတိပေးချက်
August 6, 2025

ထိုင်းက မြန်မာ ၁၆၀ ကျော် ကော့သောင်းသို့ထပ်လွှဲ

August 1, 2025

August 1, 2025

စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းနေချိန် ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းက မြန်မာနိုင်ငံသား ၁၆၀ ကျော်ကို ယနေ့ ဇူလိုင် ၃၁ ရက်တွင် ကော့သောင်းဘက်သို့ ထပ်မံလွှဲပြောင်းပေးလိုက်ကြောင်း ရနောင်း‌လဝကရုံးက ထုတ်ပြန်သည်။

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်း ထားသော မြန်မာနိုင်ငံသား ၁၆၂ ဦးကို ကော့သောင်းမြို့သို့ ယနေ့ နေ့လယ်ပိုင်းတွင် လွှဲပြောင်းလိုက်ခြင်းဖြစ်သည်။

ယခုလွှဲပြောင်းမှုသည် ၂၀၂၅ ခုနှစ်အတွင်း ရှစ်ကြိမ်မြောက်ဖြစ်ပြီး ယခုနှစ်အတွင်း နေရပ်ပြန်ပို့ခံရသူ ၁၂၇၉ ဦး ရှိလာပြီ ဖြစ်သည်။

ယခုနှစ် ဇန်နဝါရီလတွင် ၁၄၉ ဦး၊ ဖေဖော်ဝါရီလတွင် ၂၀၀ ဦး၊ မတ်လတွင် ၂၅၀ ဦး၊ ဧပြီလတွင် ၂၀၈ ဦး၊ မေလတွင် ၈၁ ဦးနှင့် ဇွန်လ ၂၅ ရက်က ၁၃၁ ဦး၊ ဇွန်လ ၃၀ ရက်က ၉၈ ဦး လွှဲပြောင်းခဲ့ပြီးဖြစ်သည်။

၂၀၂၄ ခုနှစ်အတွင်း ရနောင်းထိန်းသိမ်းရေးစခန်းက ကော့သောင်းသို့ ပြန်လွှဲပြောင်းပေးမှုအကြိမ်ရေ စုစုပေါင်း ၁၄ ကြိမ်အထိ ရှိခဲ့ပြီး မြန်မာနိုင်ငံသား ၂၀၀၅ ဦး အထိ ပြန်လည်ပို့ဆောင်ခဲ့သည်။

နေရပ်ပြန်ပို့စဉ် ရနောင်းခရိုင် လဝကအရာရှိများနှင့်အတူ ရနောင်းအခြေစိုက် မြန်မာအလုပ်သမားသံအရာရှိ ဦးမိုးဇော်လည်း တက်ရောက်ခဲ့သည်။

နေရပ်ပြန်ပို့မည့် မြန်မာနိုင်ငံသားများကို ရနောင်းဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းဘက်သို့ စက်လှေများဖြင့် လွှဲပြောင်းခဲ့ကြောင်း ရနှောင်းခရိုင်လဝကရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းသို့ ပြန်လည်လွှဲပြောင်းပို့ဆောင်လာသူများကို စစ်ကောင်စီက အဓမ္မစစ်မှုထမ်းစုဆောင်းမှုများ ဆက်တိုက် လုပ်ဆောင် နေကြောင်း စစ်မှုထမ်း စုဆောင်းခံရပြီးနောက် ထွက်ပြေးလွတ်မြောက်လာသူများ၏ ပြောဆိုချက်များအရ သိရသည်။