သတိပေးချက်
September 2, 2025

ချင်းမိုင်တွင် ထိုင်းကျောင်းသားများကို ဓားဖြင့် ခုတ်သည်ဆိုပြီး မြန်မာငါးဦး ဖမ်းဆီးခံရ

September 1, 2025

September 1, 2025

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့တွင် ထိုင်းကျောင်းသားများကို ဓားဖြင့် ခုတ်ခဲ့သည်ဆိုပြီး မြန်မာနိုင်ငံသားငါးဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဩဂုတ်လ ၂၉ ရက် နံနက် ၃ နာရီခန့်တွင် အသက် ၁၉ နှစ်အရွယ် ထိုင်းနိုင်ငံသား ကျောင်းသားအုပ်စုက ချင်းမိုင်မြို့ ဝရွန်းရော့ဈေးရှေ့ တံတားအနီးတွင် ထိုင်နေစဉ် ဓားဖြင့် အခုတ်ခံခဲ့ရကြောင်း ဖော်ပြသည်။

ထိုင်းကျောင်းသားများသည် တံတားအနီးတွင် ထိုင်နေစဉ် မြန်မာလူငယ်အုပ်စုက ဆိုင်ကယ်ဖြင့်လာပြီး ၎င်းတို့အုပ်စုကို ဓားဖြင့် ခုတ်ခဲ့သဖြင့် ဒဏ်ရာရရှိခဲ့သည်ဟု ဒဏ်ရာရရှိသူ၏ ရဲတပ်ဖွဲထံ ထွက်ဆိုထားကြောင်း ဖော်ပြသည်။

အဆိုပါဖြစ်ရပ်၌ ထိုင်းကျောင်းသား ခြောက်ဦးတွင် ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့ကြောင်း ဖော်ပြသည်။

ထိုင်းကျောင်းသားများက မြန်မာ လူငယ်အုပ်စုနှင့် ရန်ငြိုးလည်း မရှိသလို သိကျွမ်းခြင်းလည်းမရှိကြောင်း ဖြေကြားထားသည်။

အဆိုပါလူငယ်အုပ်စုသည် ဓါးဖြင့် ခုတ်ပြီးနောက် ဈေးလမ်းဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း ဆိုသည်။

ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကတစ်ဆင့် ခြေရာခံ စစ်ဆေးခဲ့ပြီးနောက် ဩဂုတ်လ ၃၁ ရက်က အသက် ၁၉ နှစ်မှ ၂၂ နှစ် အရွယ် မြန်မာလူငယ်ငါးဦးကို ဖမ်းဆီးရမိခဲ့ပြီး တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

အဆိုပါ လူငယ်များနှင့်အတူ ဓါးတစ်လက်၊ PCX ဆိုင်ကယ်နှစ်စီးနှင့် အခင်းဖြစ်စဉ်က အဝတ်အစားများကို သက်သေအနေဖြင့် ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ကြောင်း ဆိုသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား လူငယ်အုပ်စုသည် ရှမ်းတိုင်းရင်းသားများဖြစ်ကြောင်း သတင်းအချို့တွင် ဖော်ပြသည်။

မြန်မာလူငယ်အုပ်စုသည် အရက်သောက်စားလာခဲ့ပြီးနောက် လမ်းလျှောက်ရန် တံတားပေါ်သို့ ဆိုင်ကယ်စီးသွားခဲ့ကြောင်း၊ တံတားပေါ်တွင်ရှိနေသော ထိုင်းလူငယ်များနှင့် တွေ့ဆုံခဲ့စဉ် ၎င်းတို့ကို ရန်စမည်စိုးသဖြင့် ဓါးဖြင့် ခုတ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာလူငယ်များက ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားသည်ဟု သတင်းများတွင် ဖော်ပြသည်။

အခင်းဖြစ်သောအချိန်က မြန်မာလူငယ်များသည် အရက်မူးနေကြသည်ဟုလည်း ဝန်ခံထားကြောင်း ဆိုသည်။

လက်ရှိတွင် ဖမ်းမိထားသည့် အဆိုပါလူငယ်များအား အခြားသူကို ထိခိုက်ဒဏ်ရာရစေမှု၊ အများပြည်သူနေရာများတွင် လက်နက်ကိုင်ဆောင်မှုဖြင့် အရေးယူထားပြီး သက်ဆိုင်ရာရဲစခန်းသို့ ခေါ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

Ref: CH 7, Daily News, Banmuang