ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် ဘတ် ၆ သောင်းခွဲတန်ဖိုးရှိသော ရွှေဆွဲကြိုးကို ထိုင်းအမျိုးသမီးတစ်ဦးထံမှ လုယူခဲ့သဖြင့် မြန်မာအလုပ်သမား တစ်ဦးကို ဖမ်းဆီးထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
အောက်တိုဘာ ၂၉ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်တွင် ချင်းမိုင်မြို့ ဝင်းပင်းလမ်းရှိ ဆောက်လုပ်ရေးပစ္စည်းဆိုင်ရှေ့တွင် လူတစ်ဦးက ၎င်း၏ ရွှေဆွဲကြိုးကို လုယူထွက်ပြေးသွားခဲ့သည်ဟု ထိုင်းအမျိုးသမီးတစ်ဦးက ချင်းမိုင်မြို့ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
အနီးရှိ CCTV မှတ်တမ်းများကို စစ်ဆေးစဉ်တွင် ဆွဲကြိုးလုယူထွက်ပြေးသွားသူသည် အသက် ၂၀ နှစ်အရွယ် ကင်းအမည်ရှိသော မြန်မာအလုပ်သမားတစ်ဦးဖြစ်သည်ကို တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။
ယင်းမြန်မာအလုပ်သမားမှာ ချင်းဒေါင်းခရိုင်ရှိ စစ်ဆေးရေးဂိတ်ကို ဆိုင်ကယ်ဖြင့်ဖြတ်လာစဉ် အောက်တိုဘာ ၃၀ ရက်နေ့တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
မြန်မာအလုပ်သမားသည် ချင်းမိုင်မြို့ရှိ ကလပ်တစ်ခုတွင် လုပ်ကိုင်နေသော ဖျော်ဖြေရေးသမားတစ်ဦးဖြစ်ပြီး အဆိုပါဝင်ငွေသည် ၎င်း၏ နေ့စဉ်အသုံးစရိတ်အတွက် လောက်ငမှုမရှိ၍ လုယူခဲ့ကြောင်း ဖြေကြားသည်ဟု ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

အခင်းဖြစ်သောနေ့တွင် ၎င်းသည် ဝင်းပင်းလမ်းတစ်လျှောက် ဆိုင်ကယ်မောင်းလာစဉ် ရွှေဆွဲကြိုးဝတ်ထားသော အမျိုးသမီးတစ်ဦးကို တွေ့ရှိခဲ့ကြောင်း ယင်းနောက် ဆိုင်ကယ်ကို ရပ်နားခဲ့ပြီး အမျိုးသမီးဆီ လမ်းလျှောက်လာကာ ရွှေဆွဲကြိုးကို လုယူ၍ ဆိုင်ကယ်ဖြင့် ထွက်ပြေးခဲ့ကြောင်း ဖော်ပြထားသည်။
ယင်းနောက် မဲအီဒေသရှိ အခန်းသို့ ပြန်လာခဲ့ပြီး ရွှေဆွဲကြိုးကို ရွှေဆိုင်တွင် ရောင်းချခဲ့ဟုဆိုသည်။
ဖမ်းဆီးခံရသော မြန်မာအလုပ်သမားကို ထောင်ဒဏ် ၁ နှစ်မှ ၅ နှစ်အထိ နှင့် ငွေဒဏ် ဘတ် ၂၀၀၀၀ မှ ၁ သိန်းထိ ကျခံရနိုင်သော စွဲချက်ဖြင့် အမှုဖွင့်အရေးယူထားသည်။
Ref: The Thaiger, Chiangmai News, One 31