ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများအပါအဝင် နိုင်ငံခြားသားများ၏ အမည်ပေါက်မဟုတ်သော ဖုန်းဆင်းကတ်များဖြင့် ဖွင့်ထားသော ဘဏ်အကောင့်များ စတင်ပိတ်ခံနေရကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။
ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများအပါအဝင် Mobile Banking သုံးစွဲသူများသည် အမည်ပေါက်ဖုန်းဆင်းကတ်များဖြင့်သာ သုံးစွဲရမည်ဖြစ်ကြောင်း ပြီးခဲ့သော လများကတည်းက ထိုင်းအစိုးရက ဆက်တိုက်ထုတ်ပြန်ထားသည်။
အကယ်၍ ဖုန်းဆင်းကတ်အမည်နှင့် ဘဏ်အကောင့်အမည်များ မတူညီပါက သတ်မှတ်ရက်များအတွင်း နီးစပ်ရာ ဘဏ်များတွင် ပြန်လည်ပြင်ဆင်ရမည်ဖြစ်သည်။
သတ်မှတ်ရက်အတွင်း ပြန်လည်ပြင်ဆင်ခြင်းမရှိသော ဘဏ်အကောင့်များကို ဇူလိုင်လ ၁ ရက်နေ့မှစ၍ Mobile Banking အား သုံးစွဲခွင့် ဆိုင်းငံ့ခံနေရကြောင်း ကိုယ်တိုင်ကြုံတွေ့ရသော မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။
“မနေ့ နေ့လယ်လောက်ကနေစပြီး ဘဏ် Application ထဲကို ဝင်လို့မရတော့ဘူး။ အကောင့် ပိတ်ထားတယ်။ သက်ဆိုင်ရာ ဘဏ်ခွဲကို ဆက်သွယ်ပါလို့ Application ထဲဝင်တဲ့အချိန် ပြထားတယ်။ ဘဏ်ကိုသွားတဲ့အချိန်တော့ လူတွေအများကြီး လာပြင်ဆင်နေတာမျိုး တွေ့တယ်။ အများစုကတော့ မြန်မာနဲ့ နိုင်ငံခြားသားတွေ” ဟု ဘဏ်အကောင့် ဆိုင်းငံ့ခံထားရသော မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။
လက်ရှိစတင်ဆိုင်းငံ့နေသောဘဏ်မှာ မြန်မာများအခေါ် ဘဏ်ဝါ Krungsri (Bank of Ayudhya) ဖြစ်ပြီး ဇူလိုင်လ ၁ ရက်နေ့မှစ၍ Mobile Banking ကို အသုံးပြု၍ မရတော့ကြောင်း ၎င်းက ဆိုသည်။
ဘဏ်အကောင့်ဆိုင်းငံ့ခံရသူများသည် ဖုန်းအော်ပရေတာများဖြစ်သည့် Dtac၊ AIS နှင့် True Move ရုံးများသို့ သွား၍ နိုင်ငံကူးလက်မှတ်နှင့်အတူ အချက်အလက်သွားသွင်းရမည်ဖြစ်ကြောင်း Krungsri ဘဏ်ဝန်ထမ်းတစ်ဦးက ပြောသည်။
အချက်အလက်သွင်းပြီးနောက် အော်ပရေတာများက အတည်ပြုပေးလိုက်သော အချက်အလက်ဖြတ်ပိုင်း (ချလန်) နှင့်အတူ နိုင်ငံကူးလက်မှတ်၊ ဘဏ်စာအုပ် စသည့်စာရွက်စာတမ်းသုံးမျိုးဖြင့် နီးစပ်ရာ ဘဏ်များတွင် အမည်နှင့် ဖုန်းနံပါတ်ကို ပြန်လည်ပြင်ဆင်ရမည်ဖြစ်ကြောင်း ဘဏ်ဝန်ထမ်းက ပြောသည်။
အချက်အလက်ပြုပြင်ပြီးသော ဘဏ်အကောင့်များသည် အနည်းဆုံး ၃ ရက်မှ ၅ ရက်အထိ စောင့်ဆိုင်းပြီးမှသာ Mobile Banking သုံးစွဲခွင့်ပြန်လည်ရရှိမည်ဖြစ်ကြောင်း ဘဏ်ဝန်ထမ်းက ပြောသည်။
လက်ရှိတွင် K Bank၊ ဘန်ကောက်ဘဏ်နှင့် အခြားဘဏ်များကလည်း ဘဏ်အကောင့်သုံးစွဲသူများကို ဖုန်းဆင်းကတ်အမည်ပေါက်များဖြင့် နီးစပ်ရာဘဏ်များတွင် အချက်အလက်ပြင်ဆင်ရန် (Update) စာတိုပေးပို့အကြောင်းကြားနေပြီးဘဏ်အကောင့် ဆိုင်းငံ့ခံရခြင်းမရှိသေးကြောင်း ထိုင်းရောက်မြန်မာနိုင်ငံသားများထံမှ သိရသည်။