ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၃၉ ဦးကို ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ယနေ့ (စက်တင်ဘာ ၂) နံနက် ၆ နာရီခွဲခန့်တွင် ထိုးဖားဖမ်းဒေသထဲသို့ မြန်မာနိုင်ငံသားများ တရားမဝင် ဝင်လာကြောင်း သတင်းပေးတိုင်ကြားလာသဖြင့် နယ်မြေခံရဲတပ်ဖွဲ့က လိုက်လံစစ်ဆေးခဲ့သည်။
ယင်းအချိန် မသင်္ကာစရာ ကားနှစ်စီးကို တွေ့ရသဖြင့် ရပ်တန့်စစ်ဆေးခံရန် အချက်ပြသော်လည်း ကားသမားနှစ်ဦးက လမ်းကြောင်းခွဲ၍ မောင်းပြေးသွားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာ ကားသမားနှစ်ဦးကို လမ်းဘေးတွင် ကားထိုးရပ်ခဲ့ပြီး ထွက်ပြေးသွားသဖြင့် ကားပေါ်တွင်ပါလာသော မြန်မာနိုင်ငံသား အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၃၉ ဦးကိုဖမ်းမိခဲ့ကြောင်း၊ အားလုံးတွင် နေထိုင်ခွင့် အထောက်အထားများကို မတွေ့ရကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
မြန်မာနိုင်ငံသားများသည် ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် စန်ခရာဘူရီဒေသထဲသို့ တရားမဝင် ဝင်လာကြကြောင်း၊ ဘန်ကောက်မြို့အနီး သွားရောက်အလုပ်လုပ်ကိုင်ရန် ပွဲစားများကို ဘတ် ၄၀၀၀၀ မှ ၅၀၀၀၀ အထိ ပေးချေရမည်ဖြစ်ကြောင်း ဖြေကြားချက်ကို ဖော်ပြသည်။
စန်ခရာဘူရီဒေသမှတဆင့် ကန်ချနဘူရီမြို့ထဲသို့ ကားဖြင့် သွားချိန် လမ်းတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း ဖြေကြားချက်ကို ဖော်ပြသည်။
လက်ရှိတွင် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများကို ထိုးဖားဖမ်းရဲစခန်းသို့ ပို့ဆောင်ထားပြီး ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
ပြီးခဲ့သော ဩဂုတ်လအတွင် ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်မှုကြောင့် မြန်မာနိုင်ငံသား ၁၀၀၀ ကျော်အထိ ဖမ်းဆီးခံခဲ့ရကြောင်း Dawei Watch ၏ အချက်အလက်စုစည်းမှုအရ သိရသည်။
Ref: Kanchanaburi News, FM 91