သတိပေးချက်
September 2, 2025

ကော့ဖငန်းကျွန်းတွင် မြန်မာ ၆ ဦးကို WY ဆေးပြားများနှင့်အတူ ဖမ်းမိဟုဆို

September 2, 2025

September 2, 2025

ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင် ကော့ဖငန်းကျွန်းတွင် မူးယစ်ဆေးဝါးအမှုနှင့် ပက်သက်၍ ကွင်းဆက်ကို ထိုင်းရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာမှ မြန်မာနိုင်ငံသား ၆ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ပြီးခဲ့သော ဩဂုတ်လ ၃၁ ရက်နေ့က ထွန်စရာဒေသတွင် အသက် ၂၈ နှစ်အရွယ် ကိုထွန်းလူအမည်ရှိ မြန်မာနိုင်ငံသားကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ကျွန်းပေါ်က မူးယစ်ဆေးဝါး သုံးစွဲနေသော မြန်မာနိုင်ငံသားများကို ခြေရာခံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကိုထွန်းလူကို ဖမ်းဆီးခဲ့စဉ် WY မူးယစ်ဆေးပြား ၁၂ ပြားနှင့်အတူ အမျိုးသမီး အတွင်းခံများကိုလည်း တွေ့ရှိခဲ့ပြီး လက်ရှိအချိန်တွင် နိုင်ငံကူးလက်မှတ်ကဲ့သို့ အထောက်အထားမရှိသေးပဲ တရားမဝင် ဝင်လာသူဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။

ကိုထွန်းလူက တစ်လုံး ဘတ် ၅၀ နှုန်းဖြင့် မူးယစ်ဆေးပြား ၁၅ ပြားကို အခြားမြန်မာနိုင်ငံသား တစ်ဦးဆီက ဝယ်ယူခဲ့ပြီး ၎င်းတို့အနက် ၃ ပြားကို သုံးစွဲခဲ့ပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ ဝန်ခံခဲ့သည်ဟု ဖော်ပြသည်။

မူးယစ်ဆေးသုံးစွဲပြီးနောက် လိင်စိတ်နိုးကြားလာသဖြင့် အမျိုးသမီး အတွင်းခံများကို လိုက်လံခိုးယူခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်ဟု ဖော်ပြသည်။

ထို့နောက် စက်တင်ဘာလ ၁ ရက်နေ့တွင် ရဲတပ်ဖွဲ့က အသက် ၄၁ နှစ်အရွယ် ကိုဇော်လတ်အမည်ရှိ မြန်မာနိုင်ငံသားကို ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

၎င်းနေထိုင်ရာအခန်းကို စစ်ဆေးရာ မူးယစ်ဆေးပြား ၅ ပြားကို တွေ့ရှိခဲ့ပြီး ၎င်းတို့ကို တစ်လုံး ဘတ် ၁၀၀ နှုန်းဖြင့် အခြားမြန်မာနိုင်ငံသားများထံက ဝယ်ယူခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု ဖော်ပြသည်။

ယင်းမှတစ်ဆင့် အသက် ၃၆ နှစ်အရွယ် ကိုသန်းထူးနှင့် အသက် ၃၉ နှစ်အရွယ် မနန်းဝင်းထွန်းတို့ကို ရဲတပ်ဖွဲ့က ထပ်မံဖမ်းဆီးခဲ့ပြီး ၎င်းတို့နှစ်ဦး၏ အခန်းထဲတွင် WY မူးယစ်ဆေးပြား ၂၀၀ နီးပါးနှင့်အတူ လေသေနတ်တစ်ခုကိုလည်း တွေ့ရှိခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။

မူးယစ်ဆေးများကို ကော့စမွေကျွန်းရှိ ထိုင်းနိုင်ငံသားတစ်ဦးထံမှ ဘတ် ၅၀၀၀ ဖြင့် ဝယ်ယူခဲ့ပြီး အခြားမြန်မာနိုင်ငံသားများကို တစ်ပြား ဘတ် ၁၀၀ နှုန်းဖြင့် ပြန်ရောင်းနေခဲ့ကြောင်း ၎င်းတို့နှစ်ဦးက ဝန်ခံထားသည်။

နောက်ထပ် အသက် ၂၇ နှစ်အရွယ် ကိုကောင်းမြတ်စံနှင့် အသက် ၃၀ နှစ်အရွယ် ကိုဇွဲကိုသူတို့နှစ်ဦးကိုလည်း ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးအမှုဖြင့် ထပ်မံဖမ်းဆီးခဲ့ဟုဆိုသည်။

လက်ရှိတွင် ဖမ်းဆီးရမိခဲ့သော မြန်မာနိုင်ငံသား ၆ ဦးကို သက်သေများနှင့်အတူ ကော့ဖငန်းရဲစခန်းသို့ ပို့ဆောင်ထားပြီး ကော့စမွေ၊ ကော့ဖငန်း၊ ကော့တောင် (လိပ်ကျွန်း) များက မူးယစ်ဆေးကွင်းဆက်နှင့် ပတ်သက်၍ ထပ်မံစစ်ဆေးဖမ်းဆီးသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: Khasod, CH 7, MGR Online