ထိုင်းနိုင်ငံ၊ ချာချင်စောင်ခရိုင်ရှိ ATM ငွေထုတ်စက်များကို ဖျက်ဆီးခဲ့သည်ဟုဆိုကာ မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ပြီးခဲ့သော ဩဂုတ်လ ၂၈ရက် နံနက် ၇နာရီခွဲက ချာချင်စောင်မြို့ ဈေးဧရိယာရှိ ကရူထိုင်းဘဏ်၊ ဘန်ကောက်ဘဏ်နှင့် SCB ဘဏ်များ၏ ATM ငွေထုတ်စက်များကို လူတစ်ဦးက ဆိုင်ကယ်ဖြင့်လာရောက် ဖျက်ဆီးပြီး ထွက်ပြေးသွားကြောင်း ဖော်ပြသည်။
ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကတစ်ဆင့် ခြေရာခံစစ်ဆေးရာ စက်တင်ဘာလ ၁ ရက် မွန်းလွဲ ၂ နာရီခွဲတွင် အသက် ၃၉ နှစ်အရွယ် ကိုသည်းမောင်အမည်ရှိ မြန်မာနိုင်ငံသားကို ချာချင်စောင်မြို့ရှိ သူငယ်ချင်းဖြစ်သူ၏ အခန်းထဲတွင် ခိုးရာပါ ဆိုင်ကယ်နှင့်အတူ ဖမ်းမိကြောင်း ဆိုသည်။
အရက်မူးနေသဖြင့် ATM စက်များကို ဖျက်ဆီးခဲ့ခြင်းသည်ဟု ရဲတပ်ဖွဲ့ထံတွင် ထွက်ဆိုခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
ကိုသည်းမောင်သည် ယခင်က စမွတ်စခွန်ခရိုင်ရှိ စက်ရုံတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီးနောက် အမျိုးသမီးဖြစ်သူနှင့်အတူ ဘန်ကောက်သို့ ပြောင်းရွှေ့အလုပ်လုပ်ကိုင်နေခဲ့ကြောင်း ဖော်ပြသည်။
အခင်းဖြစ်သောညက အမျိုးသမီးနှင့် ရန်ဖြစ်ခဲ့ပြီး အခန်းမှထွက်လာကာ လမ်းပေါ်တွင် သော့တန်းလန်းဖြင့် ရပ်ထားသော ဆိုင်ကယ်ကို ခိုးယူ၍ ချာချင်စောင်ခရိုင်အထိ မောင်းနှင်လာခဲ့ကြောင်း ဆိုသည်။
ယင်းနောက် အရက်မူးနေသဖြင့် ချာချင်စောင်မြို့ထဲရှိ ATM စက်များကို ဖျက်ဆီးခဲ့ပြီး ငွေသားများကိုမူ ယူဆောင်ခဲ့ခြင်းမရှိဘဲ သူငယ်ချင်းအခန်းသို့ ပြန်လာခဲ့သည်ဟု ထွက်ဆိုထားကြောင်း သတင်းများတွင် ဖော်ပြသည်။
၎င်းသည် အလုပ်လုပ်ခွင့် ဗီဇာသက်တမ်းကုန်ဆုံးမှု ၂နှစ်ကျော်နေသည်ကိုလည်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။
လက်ရှိတွင် ၎င်းကို တရားမဝင် ဝင်ရောက်မှု၊ ညဘက်အချိန် အများပြည်သူပစ္စည်းများကို ဖျက်ဆီးပြီး ခိုးယူမှုများဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းများတွင် ဖော်ပြသည်။
Ref: Thairath, Khaosod, ที่นี่แปดริ้ว, CH 7