ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ လဝက ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသည့် မြန်မာအလုပ်သမား ၂၅၀ ကျော် သည် နှစ်သစ်တွင် အိမ်ပြန်ပို့ပေးရန် ဇန်နဝါရီလ ၂ရက်နေ့ နေ့လယ်ပိုင်းက ဆန္ဒပြတောင်းဆိုကြောင်း ထိုင်းသတင်းဌာနများ တွင် ဖော်ပြထားသည်။
မြန်မာအလုပ်သမားများသည် ပြစ်ဒဏ်ကျခံပြီးနောက် မြန်မာနိုင်ငံသို့ ပြန်ခွင့်ရရှိရန် လဝက ထိန်းသိမ်းရေး စခန်းတွင် စောင့်ဆိုင်းနေကြရခြင်းဖြစ်ပြီး အမျိုသား ၂၁၀ဦးနှင့် အမျိုးသမီး ၄၈ ဦး စုစုပေါင်း ၂၅၈ ရှိသည်။
ယင်းထိန်းသိမ်းရေးစခန်း ၅ ထပ်အဆောက်အအုံရှိ မြန်မာအလုပ်သမားများသည် နှစ်သစ်တွင် မိသားစုနှင့် အတူ ဖြတ်သန်း လိုသဖြင့် “ကျေးဇူးပြု၍ သွားခွင့်ပေးပါ” ဟု ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြကြောင်း ဖော်ပြသည်။
ဆန္ဒပြရာတွင် အာဏာပိုင်များ မဝင်ရောက်နိုင်ရန် အထဲက အခန်းတံခါးကို လူများ၊ အိတ်များဖြင့် အတင်းပိတ်ထား ခဲ့ကြကြောင်း ဆိုသည်။
ထိုင်းအာဏာပိုင် ၆၀ ခန့်က ထိန်းသိမ်းရေးစခန်းကို ဝိုင်းထားခဲ့ပြီး ဘာသာပြန်မှတစ်ဆင့် လော်စပီကာဖြင့် ပြောဆိုဆွေးနွေးခဲ့ကြောင်းလည်း သတင်းများတွင် ရေးသားထားသည်။
ဒုတိယအထပ်ရှိ မြန်မာအလုပ်သမားတစ်ဦးက “ငါတို့ အိမ်ကိုပဲ ပြန်ချင်တယ်” ဟု ထိုင်းဘာသာဖြင့် ရေးသားထားသည့် ဆိုင်းဘုတ်ကို ကိုင်ဆောင်ကာ တောင်းဆိုခဲ့ကြောင်း ဖော်ပြသည်။
ထိုင်းအာဏာပိုင်းများဘက်က အားလုံးကို မထိခိုက်စေလိုသဖြင့် စစ်တပ်ကလည်း အထဲဝင်ရောက်မည် မဟုတ်ဟု ကတိပေးပြီး စကားပြောဆိုရန်အတွက် တံခါးဖွင့်ပေးရန် ကမ်းလှမ်းခဲ့ကြောင်း ဖော်ပြထားသည်။
တစ်နာရီခန့် ညှိနှိုင်းပြောဆိုခဲ့ကြပြီးနောက် အလုပ်သမားဘက် ခေါင်းဆောင်သုံးဦးသည် တံခါးဖွင့်ပေး၍ အပြင်ထွက်လာခဲ့ ကြပြီးနောက်လက်ကောက်ဝတ်ကို ပလပ်စတစ်ကြိုးဖြင့် ချည်ကာ ၎င်းတို့ကို စုံစမ်းရေးအခန်းသို့ ခေါ်သွားခဲ့ကြောင်း သတင်းများတွင် ရေးသားသည်။


ယင်းနောက် အဆိုပါခေါင်းဆောင်သုံးဦးကို အခန်းထဲ့သို့ ပြန်ခွင့်ပြုခဲ့ပြီး အာဏာပိုင်များက ထိန်းသိမ်းရေးအခန်းထဲ ဝင်ရောက်ခဲ့ကာ ဆန္ဒပြခဲ့သော နောက်ထပ် ခေါင်းဆောင်သုံးဦးနှင့် တွေ့ဆုံညှိနှိုင်းခဲ့ကြောင်း ဆိုသည်။
အဆိုပါအလုပ်သမားများသည် ပြီးခဲ့သောနှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံတောင်ပိုင်းသို့ တရားမဝင် ဝင်ရောက်လာမှုဖြင့် ဖမ်းဆီး ခံရသူများဖြစ်ပြီး ၎င်းတို့ ရနောင်း လဝက ထိန်းသိမ်းရေးစခန်းသို့ မရောက်မီကပင် နေရပ်ပို့သောလုပ်ငန်းစဉ်များ ပိတ်ထား ခဲ့ကြောင်း ဖော်ပြထားသည်။
ထိုင်းအာဏာပိုင်များက မြန်မာအလုပ်သမားများကို နေရပ်ပြန်ပို့နိုင်ရေး ရနောင်းရှိ မြန်မာအလုပ်သမားသံအရာရှိနှင့် ညှိနှိုင်း သွားမည်ဖြစ်ပြီး နောက်တစ်ပတ်မှစ၍ မြန်မာအလုပ်သမားများ နေရပ်ပြန်နိုင်မည်ဟုမျှော်လင့်ရကြောင်း ထိုင်းသတင်းဌာန များတွင် ရေးသားသည်။
အထက်ပါကိစ္စနှင့် ပက်သက်၍ ရနောင်းအခြေစိုက် မြန်မာအလုပ်သမားသံအရာရှိကို Dawei Watch က ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာတွင် ဖြေကြားရန် မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
Ref: Khaosod Online, CH 7 News HD