သတိပေးချက်
April 3, 2026

၇ နှစ်အရွယ်ကလေးကို သတ်ခဲ့သည့် မိခင်ဖြစ်သူကို ကော့လန်းကျွန်းတွင် ဖမ်းဆီးရမိ

April 3, 2026

April 3, 2026

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မင်ဘူလီနယ်မြေတွင် အသက် ၇ နှစ်အရွယ် သမီးကို လည်ပင်းညှစ်သတ်ခဲ့သည်ဆိုသော မိခင်ဖြစ်သူကို ကော့လန်းကျွန်းတွင် ဖမ်းဆီးရမိပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ကော့လန်းကျွန်းသည် ချွန်ဘူရီခရိုင် ပတ္တယားမြို့၏ တစ်ဖက်တွင်ရှိသော နာမည်ကြီးကျွန်းဖြစ်သည်။

အသက် ၇ နှစ်အရွယ် မဇူးဝတီထွန်းအမည်ရှိ မြန်မာကလေးငယ် သေဆုံးမှုနှင့်ပတ်သက်၍ မိခင်ဖြစ်သူ အသက် ၃၄ နှစ်အရွယ် မမျိုးပပထွန်းကို ရဲတပ်ဖွဲ့က သံသယရှိသဖြင့် လူသတ်မှုဖြင့် ဝရမ်းထုတ်၍ ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သမီးဖြစ်သူ သေဆုံးခဲ့ပြီးနောက် မိခင်ဖြစ်သူ မမျိုးပပထွန်းသည် နေအိမ်မှ ထွက်ပြေးသွားခဲ့ရာမှ ရဲတပ်ဖွဲ့က ခြေရာခံ၍ ဧပြီလ ၂ ရက်နေ့ နေ့လယ်ပိုင်းတွင် ချွန်ဘူရီခရိုင် ကော့လန်းကျွန်းရှိ ဟိုတယ်တစ်ခုတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးမိခဲ့သည့် အဆိုပါမိခင်ဖြစ်သူ မမျိုးပပထွန်းက သမီးကို လည်ပင်းညှစ်၍ သတ်ဖြတ်ခဲ့ကြောင်း ဘာသာပြန်မှတစ်ဆင့် ဝန်ခံခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

အခင်းဖြစ်သော မတ်လ ၃၁ ရက်နေ့က သူမသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြဿနာများကြောင့် စိတ်ဖိစီးမှုများစွာ ရှိနေသဖြင့် သမီးဖြစ်သူနှင့်အတူ အဆုံးစီရင်ရန် ကြိုးပမ်းခဲ့ကြောင်း၊ သမီးဖြစ်သူကို အရင်သတ်လိုက်ပြီးနောက် စိတ်ပြောင်းသွား၍ ကော့လန်းကျွန်းသို့ ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထားသည်။

မိခင်ဖြစ်သူ အိမ်မှထွက်သွားပြီးနောက် အဖွားဖြစ်သူက ကလေးကို သွားကြည့်စဉ် သတိမရှိတော့သဖြင့် ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ကလေးအလောင်းတွင် လည်ပင်းညှစ်ထားသော ဒဏ်ရာတွေ့ရသဖြင့် မိခင်ဖြစ်သူကို သံသယရှိပြီး ဝရမ်းထုတ်၍ ရှာဖွေနေခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသော မမျိုးပပထွန်းသည် ဒူဘိုင်းမှ ပြန်လာပြီး သမီးဖြစ်သူနှင့် တွေ့ဆုံရသည်မှာ မကြာသေးကြောင်း၊ လက်ရှိတွင် ၎င်းကို မင်ဘူရီရဲစခန်းသို့ ခေါ်ယူခဲ့ပြီး ဆက်လက်စုံစမ်းမေးမြန်းသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: Khaosod, MGR Online