မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် တရားမဝင် နေထိုင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၂၃၀ ကျော် ဖမ်းဆီးခံရကြောင်း မလေးရှားသတင်းဌာနများ၏ ဖော်ပြချက်အရသိရသည်။
စက်တင်ဘာလ ၂ ရက် ည ၇ နာရီခွဲမှ ၁၀ နာရီခွဲအထိ ပြုလုပ်ခဲ့သော ဘူကစ်ဘင်တန်ရှိ တရားမဝင် နိုင်ငံခြားသားများ ဖမ်းဆီးရေး စီမံချက်တွင် မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသား ၇၇၀ ဦးကို မလေးရှားလဝကအဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသော နိုင်ငံခြားသားများတွင် မြန်မာနိုင်ငံသား ၂၃၅ ဦး၊ ဘင်္ဂလားဒေရှ့် ၃၇၇ ဦး၊ နီပေါ ၇၂ ဦး၊ အိန္ဒိယ ၅၈ ဦး၊ အင်ဒိုနီးရှား ၁၉ ဦးနှင့် အခြားနိုင်ငံသား ၉ ဦးလည်း ပါဝင်ကြောင်း ဖော်ပြသည်။
ဖမ်းဆီးခံရသူများတွင် တရားဝင် ခရီးသွားလာခွင့် စာရွက်စာတမ်းမရှိသူများ၊ နေထိုင်ခွင့် ဗီဇာကျော်လွန်နေသူများ၊ လက်မှတ်အတုကိုင်ဆောင်သူများ ပါဝင်ကြောင်း လဝက ညွှန်ကြားရေးမှူးက ပြောသည်။
အာဏာပိုင်များ ဝင်ရောက်ဖမ်းဆီးချိန်တွင် နိုင်ငံခြားသားအချို့သည် ထွက်ပြေးခဲ့ကြသလို အချို့သည် စားပွဲအောက်၊ ခေါင်းမိုးပေါ်များတွင် ပုန်းနေခဲ့ကြကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူများကို လဝကစခန်းသို့ ပို့ဆောင်စစ်ဆေးနေပြီး လဝကဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြသည်။
Ref: Free Malaysia Today, Malay Mail, The Star