သတိပေးချက်
June 21, 2025

ဘန်ကောက်ရှိ ဈေးဝယ်စင်တာတွင် ပစ်ခတ်မှုကြောင့် သေဆုံးသူနှစ်ဦးတွင် မြန်မာအမျိုးသမီးတစ်ဦးပါဝင်

October 3, 2023

October 3, 2023

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့လယ်ရှိ Siam Paragon ဈေးဝယ်စင်တာတွင် ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ နှစ်ဦးတွင် မြန်မာအမျိုးသမီးတစ်ဦးပါဝင်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ပစ်ခတ်မှုသည် ဈေးဝယ်စင်တာအတွင်း ယနေ့ အောက်တိုဘာလ ၃ရက် ညနေ ၄ နာရီ ၅၀ မိနစ်အချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှုကြောင့် အသက် ၃၄ နှစ်အရွယ် တရုတ်နိုင်ငံသူတစ်ဦး နေရာတွင် သေဆုံးခဲ့ပြီး မြန်မာအမျိုးသမီးတစ်ဦးက ဒဏ်ရာအပြင်းအထန်ဖြင့် ရဲဆေးရုံသို့ ပို့ဆောင်ကုသစဉ် ဆေးရုံတွင် သေဆုံးသွားကြောင်း ဖော်ပြထားသည်။

သေဆုံးသူ မြန်မာအမျိုးသမီး၏ အမည်နှင့် ကိုယ်ရေးအချက်အလက်များကို ရဲတပ်ဖွဲ့များက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ပစ်ခတ်မှုကြောင့် နောက်ထပ် ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရအခြေအနေတွင် ရှိနေကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

သေနတ်သမားသည် အသက် ၁၄ နှစ်အရွယ်ကျောင်းသားဖြစ်ပြီး ညနေ ၅ နာရီ ၁၅ မိနစ်တွင် ဈေးဝယ်စင်တာအတွင်း၌ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းများတွင် ရေးသားသည်။

ပစ်ခတ်သူက ၎င်းကို တစ်ဦးဦးက တိုက်ခိုက်သည်ဟု ထင်မိသဖြင့် ပစ္စတိုသေနတ်ကို ထုတ်၍ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားကြောင်းလည်း ဖော်ပြသည်။  

၎င်းသည် ဈေးဝယ်စင်တာအနီးရှိ ကိုယ်ပိုင်စာသင်ကျောင်းတွင် တက်ရောက်နေသည့် ကျောင်းသားဖြစ်ပြီး ကွန်ပျူတာဂိမ်းကို စွဲလမ်းနေသူဖြစ်ကြောင်းလည်း သတင်းများတွင် ဖော်ပြချက်အရ သိရသည်။

၎င်း၏ မိဘများကို ပထူဝမ်းရဲစခန်းသို့ ခေါ်ယူ၍ စစ်ဆေးမေးမြန်းနေကြောင်း ဖော်ပြထားသည်။

Ref: The Nation Thailand, Thai Enquirer, Khaosod English