သတိပေးချက်
December 23, 2024

ကန်ချနဘူရီတွင် မြန်မာကိုးဦးဖမ်းဆီးခံရ၊ နေအိမ်တွင် ကျည်ဆန်များတွေ့ဟုဆို

December 3, 2024

December 3, 2024
ပုံစာ - မြန်မာများ နေထိုင်သည့်နေအိမ်တွင် ဖမ်းမိသည့် ကျည်ဆန်များ။ ဓာတ်ပုံ - ကန်ချနဘူရီရဲတပ်ဖွဲ့

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီမြို့တွင် မြန်မာနိုင်ငံသားကိုးဦး ဒီဇင်ဘာလ ၂ရက် ညက ဖမ်းဆီးခံရပြီး ၎င်းတို့နေထိုင်သည့် နေအိမ်တွင် ကျည်ဆန်အတောင့် သုံးထောင်ခန့်ကို တွေ့ရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ကန်ချနဘူရီရဲတပ်ဖွဲ့ဝင်များက ဘန်းကောင်ဒေသတွင် ည ၇ နာရီခန့်က ကင်းလှည့်စစ်ဆေးနေစဉ် မှောင်ရိပ်ထဲ ရှိနေသော မြန်မာအမျိုးသားကိုးဦးကို တွေ့ရှိသဖြင့် ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။

၎င်းတို့တွင် တရားဝင် နေထိုင်ခွင့် အထောက်အထားစာရွက်စာတမ်းများ မတွေ့ရသဖြင့် ဖမ်ဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

မြန်မာနိုင်ငံသားများသည် အိမ်တစ်ဆောင်တွင် ယာယီနေထိုင်နေသည်ဟု ထွက်ဆိုခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးစဉ် စက္ကူဘူးများဖြင့် သိမ်းထားသော ကျည်ဆန်အတောင့် ၂၇၅၀ ကျော်ကို တွေ့ရှိခဲ့သဖြင့် သိမ်းဆည်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖမ်းဆီးခံရသူများအနက် တစ်ဦးကို လက်နက်အမှု၊ တရားမဝင် နေထိုင်သူများကို ကူညီမှုတို့ဖြင့် အရေးယူထားပြီး ကျန် ရှစ်ဦးကိုမူ ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်မှုဖြင့် အမှုဖွင့်ထားကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: MGR Online, naewna, ကန်ချနဘူရီရဲတပ်ဖွဲ့