သတိပေးချက်
February 4, 2026

မဟာချိုင်တွင် အလှကုန်ပစ္စည်းအတု နှစ်သိန်းကျော်နှင့်အတူ မြန်မာအမျိုးသမီးတစ်ဦးကို ဖမ်းမိ

February 4, 2026

February 4, 2026

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင် မဟာချိုင်ရှိ ဂိုထောင်တစ်လုံးတွင် အလှကုန်ပစ္စည်းအတု နှစ်သိန်းကျော်ကို အာဏာပိုင်များက စစ်ဆေးတွေ့ရှိခဲ့ပြီး ပိုင်ရှင်ဖြစ်သူ မြန်မာအမျိုးသမီးတစ်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က စမွတ်စခွန်မြို့ နာဒီးဒေသရှိ ပစ္စည်းသိုလှောင်ရုံတစ်ခုကို စီးပွားရေးဆိုင်ရာမှုခင်းနှိမ်နင်းရေးဌာနနှင့် CIB ရဲတပ်ဖွဲ့ဝင်များက ဝရမ်းနှင့်အတူ ရှာဖွေစဉ် အလှကုန်ပစ္စည်းအတုများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဆံပင်ထိန်းသိမ်းရေးပစ္စည်း၊ ခေါင်းလျှော်ရည်နှင့် အခြားနာမည်ကြီး အလှကုန်ပစ္စည်းများကို အွန်လိုင်းမှတစ်ဆင့် ဈေးလျှော့ရောင်းချနေသည်ဟု ကုမ္ပဏီများက တိုင်ကြားလာသဖြင့် ရဲတပ်ဖွဲက ဝရမ်းနှင့်အတူ သိုလှောင်ရုံကို ရှာဖွေစစ်ဆေးခဲ့ခြင်းဖြစ်သည်။

သိုလှောင်ရုံကို စစ်ဆေးစဉ် ပိုင်ရှင်ဖြစ်သော မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးကို တွေ့ရပြီး အထဲတွင် ခေါင်းလျှော်ရည်၊ သွားတိုက်ဆေး၊ ဆံပင်ပေါင်းဆေးကဲ့သို့ နာမည်ကြီး အမှတ်တံဆိပ် အလှကုန်ပစ္စည်းအတုပေါင်း နှစ်သိန်းကျော်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

မြန်မာအမျိုးသမီးက အမျိုးသားဖြစ်သူ တရုတ်နိုင်ငံသားနှင့် ပူးပေါင်း၍ အလှကုန်ပစ္စည်းများကို ပုံမှန်ထက် ဈေးလျှော့ရောင်းချနေပြီး ရောင်းရငွေများကို ပြည်ပသို့ ပြန်လွှဲပြောင်းခဲ့ကြောင်း ဝန်ခံထားဟုဆိုသည်။

အလှကုန်ပစ္စည်းအတုများကို ပုံမှန်ထက်ဈေးလျှော့ရောင်းရာ အစစ်ဟုထင်ပြီး ဝယ်ယူသူများပြားခဲ့ကြောင်း၊ ပစ္စည်းများကလည်း စံချိန်စံညွှန်းမမီသဖြင့် သုံးစွဲသူပြည်သူများအတွက် အန္တရာယ်ရှိနိုင်သည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

လက်ရှိတွင် ဖမ်းဆီးခံရသော မြန်မာအမျိုးသမီးကို ကုန်ပစ္စည်းအတုများကို ရောင်းချမှု၊ လက်ဝယ်ပိုင်ဆိုင်မှုများဖြင့် အမှုဖွင့်ထားပြီး တရုတ်နိုင်ငံသား အမျိုးသားဖြစ်သူကို ဖမ်းဆီးနိုင်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

Ref: Khaosod, Naewna