သတိပေးချက်
August 6, 2025

ဘန်ကောက်တွင် ဘားနှစ်ခုကို ရဲတပ်ဖွဲ့ဝင်စစ်၊ မြန်မာအပါအဝင် ၅၀နီးပါး ဖမ်းဆီးခံရ

August 4, 2025

August 4, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာနိုင်ငံသားများကြား လူသိများသော ဘား (ကလပ်) နှစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက် စစ်ဆေးပြီး မြန်မာနိုင်ငံသားများအပါအဝင် ၄၆ဦးကို ဖမ်းဆီးသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဩဂုတ်လ ၃ရက် နံနက် ၄နာရီခန့်က ဘန်ရတ်နယ်မြေရှိ Pha An (ဘားအံ) ဘားနှင့် Sky ဘားနှစ်ခုကို ဘန်ကောက်မြို့ ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့သည်။

အဆိုပါဘားများကို တရားမဝင် ဖွင့်လှစ်ထားခြင်း၊ အချိန်ပို ဖွင့်လှစ်ထားခြင်နှင့် အထဲတွင် မူးယစ်ဆေးဝါးများ သုံးစွဲနေကြောင်း တိုင်ကြားချက် ရရှိထားသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

Pha An ဘားနှင့် Sky ဘား နှစ်ခုတွင် တရားမဝင် အလုပ်သမားများ ဝင်ရောက်လုပ်ကိုင်နေကြပြီး မြန်မာနိုင်ငံသားအများစု လာရောက်လေ့ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆိုသည်။

ဘားအံ ဘားတွင် အီး-စီးကရက် ၂၄ ခု၊ ဆေးခြောက် ၁၅ လိပ်နှင့် မြန်မာဆေးလိပ် ၈ လိပ်နှင့်အတူ တရားမဝင် လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

 

Sky ဘားတွင်လည်း မူးယစ်ဆေးဝါးသုံးစွဲထားသည်ဟု စစ်ဆေးတွေ့ရှိခဲ့သော ဧည့်သည် ၂၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

လိုင်စင်မရှိဘဲ ဘား တရားမဝင် ဖွင့်လှစ်ထားမှုဖြင့် ဘားပိုင်ရှင်နှစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း ဖော်ပြသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၁၇ ဦးတွင် အလုပ်ရှင်အသစ်ထံ လုပ်ကိုင်နေသည်ကို ၁၅ ရက်အတွင်း အကြောင်း မကြားမှု၊ နေထိုင်ခွင့် ဗီဇာကျော်လွန်နေမှုနှင့် အထောက်အထားမရှိမှုများ ပါဝင်သည်။

ကျန်ဖမ်းဆီးခံရသူများမှာ မူးယစ်ဆေးဝါး စစ်ဆေးတွေ့ရှိသူများဖြစ်ပြီး မည်သည့်နိုင်ငံသားများဖြစ်ကြောင်း ဖော်ပြထားခြင်း မရှိသဖြင့် မသိရပေ။

ဖမ်းဆီးထားသူများကို ဘန်ရတ်ရဲစခန်းသို့ ခေါ်ဆောင်ထားပြီး ဥပဒေအရအရေးယူမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

Ref: Khaosod, CH 7, Siam News