ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်မြို့တွင် တရားဝင် ခွင့်ပြုချက်မရှိဘဲ ဆိုင်ဖွင့်လှစ်ထားသည်ဟု ဆိုကာ မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
စက်တင်ဘာလ ၃ ရက်က ဖူးခက်မြို့၊ ဘန်ကောက်လမ်းမကြီးရှိ ဈေးအနောက်တွင်“သူငယ်ချင်းဆိုင်” အမည်ဖြင့် ဖွင့်လှစ်ထားသော ဆိုင်ကို ရဲတပ်ဖွဲ့က စစ်ဆေးဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။
ဆိုင်တွင် အလုပ်သမားအားလုံးသည် မြန်မာအလုပ်သမားများဖြစ်ကြပြီး ထိုင်းနိုင်ငံသားအား အလုပ်ခန့်ထားသည်ကို မတွေ့ရကြောင်း ဆိုသည်။
ဆိုင်အတွင်း ရေးသားထားသော စာများ၊ မီနူး (အစားအသောက်) နှင့် ငွေပေးချေမှု ဖြတ်ပိုင်းများအားလုံးကို မြန်မာဘာသာဖြင့် ရေးသားထားပြီး စားသုံးသူအများစုမှာလည်း မြန်မာနိုင်ငံသားများဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။
ထို့ကြောင့် ဆိုင်ဖွင့်လှစ်ထားသော အသက် ၃၇ နှစ်အရွယ် ကိုဇော်မင်းလတ်ကို ဖမ်းဆီးခဲ့ပြီး အစားအသောက်မီနူးနှင့် မြန်မာဘာသာဖြင့် ရေးသားထားသော အမှာစာများကို သက်သေအနေဖြင့် သိမ်းဆည်းခဲ့ကြောင်း ဖော်ပြသည်။
တားမြစ်ထားသော အလုပ်များကို ကျော်လွန်၍ ဝင်ရောက်လုပ်ကိုင်မှုဖြင့် ကိုဇော်မင်းလတ်ကို အမှုဖွင့်ထားပြီး ဖူးခက်ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သတင်းများတွင် ဖော်ပြသည်။
ထိုင်းနိုင်ငံတွင် မြန်မာအပါအဝင် နိုင်ငံခြားသားများသည် ကုန်စည်ပို့ဆောင်ရေး၊ အလှပြင်၊ အနှိပ်သည်၊ ဆံပင်ညှပ်၊ ဧည့်လမ်းညွှန်စသော တားမြစ်အလုပ်များတွင် လုပ်ပိုင်ခွင့်မရှိကြောင်း အလုပ်သမားဝန်ကြီးဌာနက သတိပေးထားသည်။
လုပ်ကိုင်ပါက ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ ချမှတ်ခံရနိုင်ပြီး နေရပ်ပြန်ပို့ခံမည်ဖြစ်ကာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် ၂ နှစ်ပိတ်သိမ်းခံရမည်ဖြစ်သည်။
Ref: Bangkok Post, Phuket Times