သတိပေးချက်
April 6, 2026

ဘတ်တစ်သိန်းစီ ပွဲစားခပေးပြီး မလေးရှားသွားသည့် မြန်မာ ၃၅ဦး ထိုင်းတွင် ဖမ်းဆီးခံရ

April 6, 2026

April 6, 2026

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၃၅ ဦးကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မြန်မာနိုင်ငံသားများသည် ပွဲစားခ ဘတ် တစ်သိန်းစီ ပေး၍ မလေးရှားနိုင်ငံသို့ သွားရောက်ရန် ရည်ရွယ်ထားကြကြောင်း ဖော်ပြသည်။

ဧပြီလ ၅ ရက်က ကန်ချနဘူရီမြို့အတွင်းရှိ အိမ်တစ်ဆောင်တွင် မြန်မာနိုင်ငံသားများ တရားမဝင် ဝင်လာပြီး ပုန်းခိုနေကြကြောင်း သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။

အိမ်ထဲတွင် မြန်မာနိုင်ငံသား ၃၅ ဦးကို စစ်ဆေးတွေ့ရှိခဲ့ပြီး အားလုံးတွင် နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရကြောင်း ဆိုသည်။

မြန်မာနိုင်ငံသားများကို ကိုမင်းဦးအမည်ရှိ မြန်မာနိုင်ငံသားတစ်ဦးက ၎င်း၏ နေအိမ်တွင် ခိုလှုံခွင့်ပေးထားပြီး တစ်ဦးအတွက် ဘတ် ၅၀ စီသာ ရရှိသည်ဟု ထွက်ဆိုထားကြောင်း သတင်းများတွင် ဖော်ပြသည်။

မြန်မာနိုင်ငံသားများသည် ဧပြီလ ၃ ရက်တွင် ထရပ်ကားဖြင့် ရောက်ရှိလာကြပြီး မလေးရှားသို့ ပို့ဆောင်ရန် ရည်ရွယ်ထားကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံသားများသည် စန်ခရာဘူရီနယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်လာပြီး ညနေပိုင်းတွင် မလေးရှားသွားရန် စီစဉ်နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဆိုသည်။

တရားမဝင် ဝင်လာသော နိုင်ငံခြားသားများကို ကူညီပေးမှု၊ မြန်မာနိုင်ငံသား ၃၅ ဦးကိုမူ တရားမဝင် ဝင်ရောက်လာမှုဖြင့် ကိုမင်းဦးကို အမှုဖွင့်ထားပြီး ကန်ချနဘူရီရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: Bangkok Post, Kanchanaburi News, Siamrath