သတိပေးချက်
August 6, 2025

CI စာအုပ် သက်တမ်းတိုးစခန်းများ စဖွင့်

August 6, 2025

August 6, 2025
ပုံစာ - ယနေ့ စမွတ်စခွန်နှင့် စမွတ်ပရကန်တွင် ဖွင့်လှစ်ထားသော CI စခန်းများကို တွေ့ရစဉ်။ ဓာတ်ပုံ - Chitmin Htet၊ Ko Chai

ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် ထုတ်ပေးထားသော မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) သက်တမ်းတိုးစခန်းများကို ယနေ့ ဩဂုတ်လ ၆ ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

CI စာအုပ် သက်တမ်းတိုးစခန်းများကို ဩဂုတ်လ ၆ ရက်နေ့မှ နိုဝင်ဘာလ ၆ ရက်နေ့အထိ အချိန်သုံးလ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။

လက်ရှိတွင် CI စာအုပ်သက်တိုးစခန်းများကို စမွတ်စခွန် မဟာချိုင်၊ စမွတ်ပရကန် ဖပဲဒင်၊ ချင်းမိုင် မဲရင်းနှင့် စူရတ်ဌာနီ ဖုဖိန်းဒေသစသော စခန်းလေးခုတွင် ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

CI စာအုပ် သက်တမ်းတိုးလိုသော မြန်မာအလုပ်သမားများသည် 7-Eleven စတိုးဆိုင်များတွင် ဘတ် ၂၆၇၀ ကို ကနဦးပေးသွင်း၍ ကြိုတင်ရက်ချိန်း ရယူကာ သက်ဆိုင်ရာ CI စခန်းများတွင် သွားရောက်သက်တမ်းတိုး လုပ်ဆောင်ရမည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့် လက်မှတ် (ပန်းရောင်ဘတ်) ပြုလုပ်ထားသော မြန်မာအလုပ်သမားများသည် တရားဝင် နေထိုင်သွားလာခွင့်အတွက် နိုင်ငံကူးလက်မှတ်စာအုပ်ထဲ အခြေခံအလုပ်သမားဗီဇာကို ထည့်သွင်းအသုံးပြု၍ နေထိုင်လုပ်ကိုင်နေကြသည်။

နိုင်ငံကူးလက်မှတ် (ပတ်စ်ပိုစ်) မရှိသော မြန်မာအလုပ်သမားများက အခြေခံအလုပ်သမားဗီဇာကို ထည့်သွင်းနိုင်ရန် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) ကို သက်ဆိုင်ရာ CI စခန်းများ ဖွင့်လှစ်ပေးချိန်တွင် ပြုလုပ်ရခြင်းဖြစ်သည်။

ယင်း CI စာအုပ်များသည် အလုပ်လုပ်ခွင့်လက်မှတ် ဗီဇာသက်တမ်းတိုးချိန်တွင် သက်တမ်း အနည်းဆုံး ၆ လကျန်ရှိရမည်ဖြစ်ကြောင်း ထိုင်းအစိုးရဘက်က ထုတ်ပြန်ထားသည်။

ထို့ကြောင့် ယခုနှစ်တွင် စာအုပ်သက်တမ်း ၆ လမကျန်သော မြန်မာအလုပ်သမားများက စာအုပ်အသစ် လဲလှယ်နေကြခြင်းဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ (MWSC) မှ ကိုဇော်က ပြောသည်။

 

“အခုဖွင့်နေတဲ့ CI စာအုပ်တွေက လူဟောင်းတွေပေါ့နော်။ စာအုပ်ရှိပြီးသားသူတွေဖြစ်ပြီး သက်တမ်း ၆ လမကျန်တဲ့သူတွေ လဲလှယ်ရမှာ။ လူသစ်ဘတ်ရိုက်ထားတဲ့ သူတွေအတွက်က ဘယ်တော့ဖွင့်မယ်ဆိုတာ မသိရသေးဘူး။ လူဟောင်းတွေ ကုန်မှလို့ အသံကြားရတယ်” ဟု MWSC က ကိုဇော်က ဆိုသည်။

ယခု CI စာအုပ်လဲလှယ်သူများသည် မြန်မာစစ်အာဏာရှင်ထံသို့ အခွန် တစ်နှစ်စာ ဘတ် ၁၈၀၀ အထိ ပေးဆောင်နေရပြီး အကယ်၍ နောက်လထဲရောက်ပါက အခွန်တစ်လစာ ပိုတိုးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမားများအတွက် ထုတ်ပေးထားသော CI စာအုပ်သည် သက်တမ်း ၄ နှစ်ရရှိမည်ဖြစ်သည်။

ယမန်နေ့ ဩဂုတ်လ ၆ ရက်နေ့က ထိုင်းရောက်မြန်မာအလုပ်သမားများအတွက် CI စာအုပ်ကို ဖျက်သိမ်းပြီး ပန်းရောင်ကတ်တစ်ခုတည်းဖြင့်သာ နေထိုင်အလုပ်လုပ်ခွင့်ပေးရန် အလုပ်သမားအရေး လှုပ်ရှားနေသူများက ထိုင်းလွှတ်တော်အမတ်ကို ဩဂုတ်လ ၅ ရက်နေ့က အိတ်ဖွင့်စာ ပေးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

CI စာအုပ်ပြုလုပ်ရာတွင် စစ်အာဏာရှင်ကို အခွန်ဆောင်နေရကြောင်း၊ မြန်မာနိုင်ငံသို့ လစဉ်ဝင်ငွေ၏ ၂၅ ရာခိုင်နှုန်းကို ပြန်လွှဲခိုင်းနေရာ စစ်အာဏာရှင်ထံသို့ ငွေစီးဆင်းနေသဖြင့် CI စာအုပ်ကို ဖျက်သိမ်းပေးရန် Bright Future အဖွဲ့ဝင် ကိုစူရတ်က ထိုင်း အထက်လွှတ်တော်အမတ် Thewarit Maneechai ကို အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

သို့သော်လည်း CI စာအုပ်မရှိပဲ ပန်းရောင်ကတ် တစ်ခုတည်း အသုံးပြုရမည်ဆိုပါက ခရီးသွားလာခွင့် ကန့်သတ်ခံရနိုင်သလို အလုပ်ပြောင်းရွှေ့ရာတွင်လည်း အခက်အခဲများစွာ ကြုံတွေ့နိုင်ကြောင်း မြန်မာအလုပ်သမားများကဆိုသည်။