သတိပေးချက်
October 7, 2025

အောက်တိုဘာ ၁၅ ရက်နေ့မှစ၍ ဘတ်အသစ် အမည်စာရင်း လျှောက်ထားရန် ထိုင်းအစိုးရထုတ်ပြန်

October 6, 2025

October 6, 2025

ထိုင်းနိုင်ငံအတွင်းရှိ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများ အောက်တိုဘာလ ၁၅ ရက်နေ့မှစ၍ အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) အသစ်ပြုလုပ်ရန် အမည်စာရင်း (Name List) တင်သွင်းနိုင်မည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်ကြေညာသည်။

ပြီးခဲ့သော ဩဂုတ်လ ၁၉ ရက်နေ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံက အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင် အလုပ်လုပ်ခွင့် မှတ်ပုံတင်ရန် အောက်တိုဘာလ ၁၅ ရက်နေ့မှစ၍ လျှောက်ထားခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြသည်။

အလုပ်လုပ်ခွင့်လက်မှတ် မှတ်ပုံတင် (ပန်းရောင်ဘတ်) ပြုလုပ်ရန် ပထမအဆင့်ဖြစ်သော အမည်စာရင်း (Name List) တင်သွင်းခြင်းကို လာမည့် အောက်တိုဘာလ ၁၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၁၅ ရက်ကြာ ခွင့်ပြုပေးသွားမည်ဟု ထုတ်ပြန်ထားသည်။

အမည်စာရင်းတင်သွင်းပြီးသော အလုပ်သမားများသည် နောက်တစ်ဆင့်ဖြစ်သော ဆေးရုံတွင် သွေးစစ်ခြင်း၊ အလုပ်လုပ်ခွင့်လက်မှတ် (work permit) အတွက် ငွေသွင်းခြင်းများကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ ရက် ၆၀ အတွင်း ပြုလုပ်ရမည်ဖြစ်ကြောင်း ကြေညာသည်။

နောက်ထပ် ထိုင်းလဝကတွင် လက်ဗွေနှိပ်ခြင်း၊ ဗီဇာရယူခြင်းများကို ဆက်လုပ်ရမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့အထိ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် ၁ နှစ် သက်တမ်းရရှိမည်ဖြစ်ကြောင်း ဖော်ပြသည်။

အလုပ်လုပ်ခွင့် လက်မှတ်အသစ်ပြုလုပ်ရန်အတွက် ထိုင်းအစိုးရထံသို့ ကုန်ကျငွေ စုစုပေါင်း ၂၉၈၀ ဘတ်မှ ၃၈၇၀ ဘတ်သာ ကုန်ကျမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယခုထုတ်ပြန်ချက်တွင် အလုပ်လုပ်ခွင့်လက်မှတ်အသစ်လျှောက်ထားမည့်သူများအနေဖြင့် နိုင်ငံကူးလက်မှတ် သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) ရှိပါက တစ်ပါတည်း လျှောက်ထားနိုင်ကြောင်း ကြေညာထားသည်။

Ref: ထိုင်းအလုပ်သမားဝန်ကြီးဌာန, Matichon Online