သတိပေးချက်
December 23, 2024

စစ်ကောင်စီတပ်က ဖမ်းထားသော ထိုင်းငါးဖမ်းလုပ်သား လေးဦးကိုပြန်လွှတ်

December 6, 2024

December 6, 2024
ပုံစာ - နိုဝင်ဘာလ ၃၀ ရက်နေ့က ပစ်ခတ်ခံရသဖြင့် ဒဏ်ရာရရှိသူများကို ကယ်တင်နေစဉ်

မြန်မာစစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသော ထိုင်းငါးဖမ်းသမားလေးဦးကို မနေ့ (ဒီဇင်ဘာ ၅) ညပိုင်းတွင် ပြန်လွှတ်လိုက်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်လိုက်သည်။

မနေ့ ညနေ ၅ နာရီအချိန်ခန့်က စစ်ကောင်စီ၏ ဘန်ကောက်အခြေစိုက် မြန်မာသံအရာရှိ ဦးချစ်ဆွေက ထိုင်းငါးဖမ်းလုပ်သား လေးဦးကို ပြန်လွှတ်ပေးမည်ဟု ထိုင်းအစိုးရထံ အကြောင်းကြားပြီးနောက် ပြန်လွတ်လာခြင်းဖြစ်သည်။

လက်ရှိတွင် ထိုင်းနိုင်ငံသားလေးဦးသည် ကော့သောင်းနယ်စပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ပြန်လွှဲရေး လုပ်ငန်းစဉ်များကို နယ်ခြားကော်မတီများက ဆွေးနွေးနေကြကာ ယနေ့ထိုင်းဘက်သို့ ရောက်ရှိလာမည်ဟု ခန့်မှန်ထားကြသည်။

လက်ရှိတွင် ထိုင်းအာဏာပိုင်များက ရနောင်းနယ်စပ်သို့ ရောက်ရှိနေကြပြီး ပြန်လွတ်လာသူများကို ကူညီနိုင်ရေး အဆင်သင့်ပြင်ထားရန် ထိုင်းဝန်ကြီးချုပ်က ညွှန်ကြားထားကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

သို့သော်လည်း စစ်ကောင်စီဘက်က သိမ်းဆည်းထားသော ငါးဖမ်းလှေနှင့် မြန်မာငါးဖမ်းသမားများကို ပြန်လွှတ်ပေးခြင်းရှိမရှိ မသိရသေးပေ။

ဒီဇင်ဘာလ ၃ ရက်နေ့က ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်က ထိုင်းငါးဖမ်းသမားလေးဦး ဘေးကင်းပြီး အမြန်ဆုံး ပြန်လွတ်မြောက်လာရေး မြန်မာစစ်ကောင်စီနှင့် ဆွေးနွေးနေကြောင်း ပြောကြားခဲ့ပြီးနောက် ယနေ့တွင် ပြန်လွတ်လာခြင်းဖြစ်သည်။

ပြီးခဲ့သော နိုဝင်ဘာလ ၃၀ ရက်နေ့က စစ်ကောင်စီက ထိုင်း-မြန်မာနယ်စပ် ပင်လယ်ပြင်ထဲတွင် ထိုင်းငါးဖမ်းလှေများကို ပစ်ခတ်ခဲ့ပြီး ထိုင်းငါးဖမ်းလှေတစ်စီးအပါအဝင် ထိုင်းငါးဖမ်းသမား လေးဦးနှင့် မြန်မားငါးဖမ်းသမား ၂၇ ဦး စုစုပေါင်း ၃၁ ဦးကို ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

မြန်မာစစ်ကောင်စီဘက်က ထိုင်းငါးဖမ်းလှေများသည် မြန်မာရေပိုင်နက်ထဲသို့ ဝင်လာသဖြင့် ပစ်ခတ်ရခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသည်။

Ref: The Nation Thailand, Amarin TV, PPTV HD, Matichon Online, Thai Enquirer, The Standard