သတိပေးချက်
January 11, 2025

မဟာချိုင် ဘုရားပွဲတွင် ထိုင်းလူငယ်ကို ဝိုင်းရိုက်သည်ဟုဆိုကာ မြန်မာလူငယ်ခြောက်ဦးဖမ်းဆီးခံရ

January 7, 2025

January 7, 2025

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသရှိ ဘုရားပွဲတွင် ထိုင်းလူငယ်တစ်ဦးကို လက်နက်များဖြင့် အုပ်စုဖွဲ့ ဝိုင်းရိုက် ခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် မြန်မာလူငယ်ခြောက်ဦး ဇန်နဝါရီလ ၇ရက်တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာန များတွင် ဖော်ပြသည်။

ဖမ်းဆီးခံရသည့် မြန်မာများသည် အသက် ၁၉ နှစ်မှ ၂၁နှစ်ကြား အရွယ်များဖြစ်ပြီး ၎င်းတို့နှင့်အတူ ဓါးရှည်နှစ်လက်၊ တုတ်များနှင့် အခင်းဖြစ်သောနေ့က ဝတ်ဆင်ခဲ့သောအဝတ်အစားများကို ထိုင်းရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ကြောင်း ဆိုသည်။

မဟာချိုင်‌ဒေသ ထိုင်းယူနစ်နေရာရှိ ခွန်ခုဘုန်းကြီးကျောင်းဘုရားပွဲတွင် ပြီးခဲ့သော ဒီဇင်ဘာလ ၂၂ရက်က အသက် ၂၈နှစ် အရွယ် ထိုင်းနိုင်ငံသားကို တုတ်၊ ဓါး လက်နက်များဖြင့် အုပ်စုဖွဲ့ ဝိုက်ရိုက်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

ရိုက်နှက်ခံရသည့် ထိုင်းနိုင်ငံသားသည် ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဆေးကုသမှုခံယူခဲ့ရကြောင်း ဆိုသည်။

၎င်းတို့အားလုံးသည် အရက်သောက်ထားကြသဖြင့် မူးနေကြပြီး ဘုရားပွဲထဲ ကနေကြစဉ် အချင်းချင်း ခိုက်ရန်ဖြစ်ကြရာမှ မြန်မာလူငယ်များက ဝိုင်းရိုက်ကာ ထွက်ပြေးသွားခဲ့ကြကြောင်း သတင်းများတွင် ဖော်ပြသည်။

ယင်းသတင်းသည် ထိုင်းနိုင်ငံသားများကြား ပျံ့နှံ့သွားပြီးနောက် ဝိုင်းဝန်းရိုက်နှက်ခဲ့သော မြန်မာလူငယ်များကို အမြန်ဆုံး ဖမ်းဆီးပေးရန်တိုင်ကြားခဲ့ကြရာမှ စမွတ်စခွန်ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကတစ်ဆင့် ခြေရာခံ ဖမ်းဆီးနိုင်ခဲ့ကြောင်း ဆိုသည်။

နာကျင်စေမှု၊ အများပြည်သူနေရာများတွင် လက်နက်ကိုင်ဆောင်မှုများဖြင့် မြန်မာလူငယ်ခြောက်ဦးကို စမွတ်စခွန်ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းများတွင် ဖော်ပြသည်။

Ref: Naewna, CH 7