မင်းမြတ်ခိုင် အမည်ရှိ ထိုင်း-မြန်မာငွေလွှဲဝန်ဆောင်မှုလုပ်ငန်းသည် Facebook စာမျက်နှာပေါ်မှတစ်ဆင့် မြန်မာအလုပ်သမားများကို ငွေကြေးလိမ်လည်မှုများ ဆက်တိုက်ပြုလုပ်လာနေကြောင်း မြန်မာအလုပ်သမားများထံမှ စုံစမ်းသိရှိရသည်။
ငွေလွှဲလုပ်ငန်းသည် ဘတ်-ကျပ် ငွေလွှဲဈေးနှုန်းများကို ယနေ့ စက်တင်ဘာလ ၇ ရက်နေ့အထိ နေ့စဉ်နှင့်အမျှ အချိန်နှင့် တပြေးညီ တင်ပေးနေခဲ့ပြီး မြန်မာအလုပ်သမားများ အယုံလွယ်မိစေရန် ဆွဲဆောင်နေခဲ့သည်ကို စုံစမ်းသိရှိခဲ့ရသည်။
ငွေဈေးနှုန်းများကို အမြဲဖော်ပြနေခဲ့သော အဆိုပါ page (စာမျက်နှာ) ကို နေ့စဉ်စောင့်ကြည့်နေခဲ့မိရာမှ ယုံကြည်ခဲ့မိသဖြင့် ငွေလွှဲခဲ့မိကြောင်း အလိမ်ခံရသူ ထားဝယ်ဒေသခံတစ်ဦးက ပြောသည်။
မြန်မာပြည်ဘက်သို့ wave money ၂ သိန်း ငွေလွှဲလိုသဖြင့် စက်တင်ဘာလ ၁ ရက်နေ့က အဆိုပါစာမျက်နှာသို့ ဆက်သွယ်ခဲ့ကြောင်း၊ ပြီးနောက်တွင် ၎င်းတို့ပြောသည့် ထိုင်းဘဏ်အကောင်သို့ ငွေလွှဲခဲ့ရာတွင် ငွေလွှဲပြီးသည်နှင့် အဆက်အသွယ် ဖြတ်သွားကြောင်း ၎င်းကဆိုသည်။
“ထိုင်းရောက်ကတည်းက ဘတ်ဈေးအမြဲကြည့်နေကြ page မို့ အသိတွေလည်း ဒီ page မှာ ကြည့်သမားများတယ်။ ဈေးလည်းမှန်လို့ လွှဲလိုက်တာ။ သင်ခန်းစာရသွားတာပေါ့။ နောက်မလုပ်ရဲတော့ပါဘူး။ လွယ်တာမဟုတ်ဘူးလေ။ ကျွန်မလိုပဲ အလိမ်ခံရတဲ့သူ ရှိမှာပဲ” ဟုအလိမ်ခံလိုက်ရသော ထားဝယ်ဒေသခံက ဆိုသည်။
အဆိုပါစာမျက်နှာကို ထားဝယ်ဒေသခံ အများအပြားကလည်း like နှင့် follow ပြုလုပ်ထားကြကြောင်း ၎င်းကဆိုသည်။
၎င်းငွေလွှဲခဲ့သော ထိုင်းဘဏ်အကောင့်မှာ မောင်အောင်နိုင် (Mr. Aung Naing) အမည်ဖြင့် မဲဆောက်မြို့တွင် ဖွင့်လှစ်ထားသော ကစီကွန်ဘဏ်အကောင့်နံပါတ် 0738921607 ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သော ဇူလိုင်လကလည်း ယင်းစာမျက်နှာကတစ်ဆင့် မြန်မာနိုင်ငံ wave အကောင့်မှ ထိုင်းနိုင်ငံဘက်သို့ ငွေလွှဲခဲ့သူတစ်ဦးလည်း အလိမ်ခံလိုက်ရကြောင်း ဘန်ကောက်ရှိ မြန်မာအလုပ်သမားတစ်ဦးထံမှ သိရသည်။
သူမက မြန်မာနိုင်ငံ wave အကောင့်မှတစ်ဆင့် ငွေ ၃၄၀၀၀ ကျပ်ကို ထိုင်းဘတ်သို့ လဲပေးရန်အတွက် ငွေလွှဲခဲ့ပြီးနောက် အဆက်အသွယ်ဖြတ် ဘလော့သွားခဲ့ကြောင်း သူမက ပြောသည်။
“အဲနေ့က ကိုယ့်ဘက်က ငွေလွှဲပေးပီး သူ့ဘက်က ငွေလွှဲမယ့်အချိန်ကျ ငွေလွှဲမလာပါဘူး။ နေ့လယ်ထဲက ညအထိစောင့်ပေးပါတယ် လုံးဝလွှဲမလာပါဘူး။ CB (မတ်ဆေချ့်ဘောက်) မှာလည်း ကျွန်မပို့ထားတဲ့စာတွေ ဝင်ကြည့်ပါတယ်။ comment မှာ သွားမန့်လိုက်တော့ ချက်ချင်း block သွားပါတယ်” ဟု ၎င်းက ဆိုသည်။
မင်းမြတ်ခိုင်အမည်ရှိ ငွေလွှဲဝန်ဆောင်မှုစာမျက်နှာသည် ယခင်နှစ်များကတည်းက လိမ်လည်မှုများ ရှိနေခဲ့ကြောင်း ပြီးခဲ့သောနှစ် ဇူလိုင်လတွင် ငွေကျပ် တစ်သိန်း အလိမ်ခံလိုက်ရသော ဘုန်းကြီးတစ်ပါးက Facebook စာမျက်နှာတွင် သတိပေးကြေညာထားခဲ့သည်။
အလိမ်ခံရသည့် ဘန်ကောက်က မြန်မာအလုပ်သမားနှင့် ဘုန်းကြီး ငွေလွှဲခဲ့သော wave အကောင့် နံပါတ်သည် 09774287080 အတူတူသာဖြစ်ကြောင်း တွေ့ရှိရသည်။
အဆိုပါလိမ်လည်မှုများနှင့်ပက်သက်၍ မင်းမြတ်ခိုင်ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းသို့ Dawei Watch အနေဖြင့် စာဖြင့် မက်ဆေ့ပို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဖြေကြားခဲ့ခြင်းမရှိဘဲ ဘလော့သွားခဲ့သည်ကို တွေ့ရှိခဲ့ရသည်။
မြန်မာအလုပ်သမားများကို ပစ်မှတ်ထားလိမ်လည်နေသော မင်းမြတ်ခိုင်အမည်ရှိ ထိုင်း-မြန်မာငွေလွှဲလုပ်ငန်း Facebook စာမျက်နှာကို like နှင့် follow ပြုလုပ်ထားသူပေါင်း ၆ သောင်းကျော်ရှိနေပြီဖြစ်ပြီး ယနေ့အထိ ငွေဈေးနှုန်းများကို ဖော်ပြလျက်ပင် ရှိနေသည်။
၎င်း၏စာမျက်နှာတွင် ငွေလွှဲလုပ်ငန်းသည် အမှတ် ၃ ကြံခင်းလမ်း မြဝတီအခြေစိုက်ဟု ဖော်ပြထားသည်။