သတိပေးချက်
March 22, 2026

ဖူးခက်တွင် မြန်မာမိသားစုဝင်ခုနစ်ဦး ဆိုင်ကယ်တစ်စီးတည်းစီးသဖြင့် ဝေဖန်မှုမြင့်တက်

July 8, 2025

July 8, 2025

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့ရှိ လမ်းမပေါ်တွင် မြန်မာမိသားစုဝင် ခုနစ်ဦး ဆိုင်ကယ်တစ်စီးတည်း အတူစီးနင်း သွားလာနေသည့် ရုပ်သံမှတ်တမ်း အင်တာနက်လူမှုကွန်ရက်တွင် ပျံ့နှံ့လာပြီးနောက် ထိုင်းနိုင်ငံသားများကြား ဝေဖန်မှု မြင့်တက်နေကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။

ဇူလိုင်လ ၆ ရက်က ဖူးခက်မြို့ထဲရှိ လမ်းဆုံတစ်ခု၏ မြေအောက်ဖြတ်လမ်းတွင် မြန်မာမိသားစုဝင် ခုနစ်ဦး ဆိုင်ကယ်တစ်စီး အတူ စီးနင်းလိုက်ပါနေသည့် ရုပ်သံမှတ်တမ်း ထိုင်းနိုင်ငံသားတစ်ဦးက လူမှုကွန်ရက်တွင် တင်ရာမှ ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသားက ဆိုင်ကယ်ကို မောင်းနေပြီး အမျိုးသမီးဖြစ်သူက ဆိုင်ကယ်နောက်တွင် လိုက်ပါနေသည်ကို တွေ့ရ သည်။

အမျိုးသမီး၏ လက်နှစ်ဖက်တွင် ကလေးနှစ်ဦးကို ချီထားပြီး အလယ်တွင် နောက်ထပ်ကလေးတစ်ဦးက လူကြီးနှစ်ဦး ကြားတွင် ညှပ်၍လိုက်ပါခဲ့သည်။ ယင်းအပြင် ဆိုင်ကယ်မောင်းသည့် အမျိုးသားရှေ့တွင်လည်း ကလေးနှစ်ဦး ထိုက်လျက် လိုက်ပါခဲ့သည်။

မိဘဖြစ်သူများသည် ကလေးငယ်များ၏ အန္တရာယ်ကို လျစ်လျူရှုထားသည်ဟု အွန်လိုင်းသုံးစွဲသူများကြား ဝေဖန်မှုမြင့်တက်ခဲ့သည်။

ထိုင်းဥပဒေအရ မော်တော်ဆိုင်ကယ်များသည် မြေအောက်လမ်းများမှ လမ်းဖြတ်ကူးခြင်းကို တားမြစ်ထားသလို လူခုနစ်ဦး ဆိုင်ကယ် တစ်စီးတည်း အတူစီး၍ မြေအောက်လမ်းကို ဖြတ်ခြင်းမှာ ပို၍ပင်အန္တရာယ်များနိုင်ကြောင်း ဝေဖန်ကြသည်။

ယင်းသို့ ဝေဖန်မှု မြင့်တက်လာပြီးနောက် ရုပ်သံမှတ်တမ်းကို အင်တာနက်လူမှုကွန်ရက်တွင် စတင်ခဲ့သည့် ထိုင်းနိုင်ငံသား သည် မြန်မာမိသားစုနှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပြီး ဖြစ်စဉ်အမှန်ကို ပြန်လည်ချေပရှင်းလင်းခဲ့သည်။

မြန်မာမိသားစုက ဈေးဝယ်ထွက်လာရန် ဆိုင်ကယ်နှစ်စီးဖြင့် အခန်းမှ ထွက်လာခြင်းဖြစ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်။

သို့သော်လည်း လမ်းတွင် ယာဉ်ထိန်းရဲက မြန်မာမိသားစုကို ယာဉ်မောင်းလိုင်စင်မရှိဘဲ ဆိုင်ကယ်မောင်းသဖြင့် ဒဏ်ငွေ ရိုက်ခဲ့ရာ ဒဏ်ငွေပေးရန် ငွေမရှိသဖြင့် ဆိုင်ကယ်တစ်စီးကို ယာဉ်ထိန်းရဲထံတွင် အပေါင်ထားခဲ့ရကြောင်း ဆိုသည်။

ထို့ကြောင့် မြန်မာမိသားစုသည် ဆိုင်ကယ်တစ်စီးကို စီး၍ ကလေးများနှင့်အတူ အိမ်သို့ အမြန်ပြန်ခဲ့ရခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံသားက ပြန်လည်ရှင်းလင်းပေးခဲ့သည်။

မြန်မာမိသားစုကလည်း ထိုင်းနိုင်ငံ၏ ယာဉ်စည်းကမ်းဥပဒေကို မသိရှိသဖြင့် ၎င်းကို ပြန်လည်တောင်းပန်ခဲ့ကြောင်း၊ ကလေးငယ်များကို နောက်ပိုင်းတွင် မြန်မာပြည်ပြန်ပို့သွားမည်ဟု မြန်မာမိသားစုက ဖြေကြားခဲ့ကြောင်း ဖော်ပြထားသည်။

Ref: The Nation Thailand, FM 91