သတိပေးချက်
March 21, 2026

စက္ကူကျားဖြစ်နေတဲ့ ထိုင်းက ဓမ္မတာလာရက်ခံစားခွင့်

August 8, 2025

August 8, 2025

ထိုင်းနိုင်ငံက အမျိုးသမီးအလုပ်သမားတွေအတွက် ဓမ္မတာလာတဲ့ရက်ကို လစာအပြည့်နဲ့ ခွင့်ရက်သတ်မှတ်ပေးဖို့ အစိုးရက မေလ ၂၁ ရက်နေ့က ညွှန်ကြားစာထုတ်ပြန်ခဲ့ပါတယ်။

ဒီညွှန်ကြားစာတွေကို အလုပ်ရှင်တွေသိအောင် ခရိုင်အသီးသီးကို ဖြန့်ထားသလို အွန်လိုင်းကနေလည်း ထုတ်ပြန်ထားပြီးသားဖြစ်ပါတယ်။

အလုပ်သမားတွေဘက်က ဓမ္မတာလာမယ့်ရက်ကို အလုပ်ရှင်ထံ ကြိုတင်အသိပေးပြီး ခွင့်ရက်တောင်းခံရမယ်လို့ ထုတ်ပြန်ထားပါတယ်။

ညွှန်ကြားစာအရတော့ လုပ်ငန်းခွင်တွေထဲမှာ လစဉ်သုံးပစ္စည်းတွေကိုပါ အခမဲ့ရရှိနိုင်ဖို့ စီစဉ်ထားပေးရမှာပါ။

ဒီအချက်တွေကို ထိုင်းရောက် မြန်မာအမျိုးသမီးတွေ တော်တော်များများ သိရှိထားကြပြီးဖြစ်သလို အလုပ်ရှင်တွေမှာ ခွင့်ရက်တောင်းခံမှုတွေလည်း စရှိလာနေပါပြီ။

ဒါပေမဲ့လည်း အလုပ်ရှင်အများစုက ဓမ္မတာလာတဲ့ရက်ကို ခွင့်ရက်အနေနဲ့ ပေးဖို့ အလုပ်သမားတွေကို ဆွေးနွေးပြောကြားတာ အသိပေးတာမျိုး မရှိသေးပါဘူး။

စက်ရုံ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေက မြန်မာအမျိုးသမီးတွေကတော့ ဓမ္မတာလာတဲ့ရက်ကို နေမကောင်းတဲ့ရက်အနေနဲ့ ခွင့်တိုင်ပြီး အလုပ်နားနေကြရပါတယ်။
လုပ်အားခ/လစာတွေကိုတော့ ဖြတ်တောက်ခံရပါတယ်။

စားသောက်ဆိုင်၊ ဟိုတယ်လုပ်ငန်းတွေလို ခွင့်ရက်လဲလှယ်လို့ရတဲ့ လုပ်ငန်းခွင်တွေမျိုးမှာတော့ ဓမ္မတာလာတဲ့ရက်တွေမှာ အလုပ်သမားတွေ အချင်းချင်း နားရက်ကို လဲလှယ်ကြပြီး အနားယူကြရပါတယ်။ ဓမ္မတာလာတဲ့ရက်မှာ ခွင့်ရက်ယူလိုက်ပြီး သူနားရတဲ့ရက်မှာ အစားထိုး အလုပ်ပြန်ဆင်းပေးရတာမျိုးပါ။

ဒါတွေက ထိုင်းအစိုးရရဲ့ ညွှန်ကြားစာနဲ့ ဆန့်ကျင်နေတဲ့ အခြေအနေတွေဖြစ်ပြီး အလုပ်သမတွေအတွက် ရမယ့်ခံစားခွင့်တွေက စာရွက်ပေါ်မှာပဲ ရှိနေသေးတာပါ။

ဒါပေမဲ့ အချို့စားသောက်ဆိုင်တွေမှာတော့ ဓမ္မတာလာတဲ့ရက်ကို လစာပြည့်ခွင့်ရက်အနေနဲ့ ခွင့်ပြုပေးနေတာလည်း တွေ့ရပါတယ်။ ဒီလိုဆိုင်မျိုးက အရမ်းရှားပါတယ်။

မြန်မာအမျိုးသမီးတွေဘက်ကတော့ ဓမ္မတာလာတဲ့ ရက်တွေ မတူညီကြသလို ဓမ္မတာလာချိန် နာကျင်ခံစားရတဲ့ အခြေအနေတွေ မတူညီကြလို့ အချို့လုပ်ငန်းခွင်တွေမှာ ခွင့်ရက်တွေ တောင်းခံဖို့ အခက်အခဲဖြစ်နေကြဆဲပါ။

ဒီအခြေအနေတွေကို သိရှိနိုင်ဖို့ ထိုင်းဒေသအသီးသီးမှာ လုပ်ကိုင်နေကြတဲ့ မြန်မာအမျိုးသမီး အလုပ်သမတွေကို မေးမြန်းပြီး ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်မှာ ဖော်ပြလိုက်ပါတယ်။

“၁၀၀ ရာခိုင်နှုန်း လုံးဝမရှိသေးပါဘူး။ အခြေခံပိတ်ရက်အဖြစ် သတ်မှတ်ထားတဲ့ ၄ ရက်နဲ့သာ အလုပ်လုပ်နေရတုန်းပါ”

ဆိုင်အလုပ်လုပ်ကိုင်နေသော LGBT+ တစ်ဦးဖြစ်သူ Ernest (ထိုင်းတောင်ပိုင်း ကော့စမွေ)

DW ။ ဓမ္မတာလာတဲ့ရက်ကို ခွင့်ရက်အဖြစ် ခွင့်ပြုပေးဖို့ အလုပ်ရှင်တွေကို ထိုင်းအစိုးရဘက်က ညွှန်ကြားထားတာ ရှိတယ်ပေါ့နော်။ ဒါနဲ့ပက်သက်ပြီး သိထားလား။

ဖြေ ။ သတင်းတွေ တက်လာတော့ ဖတ်ဖြစ်ပါတယ်။ သိထားရပါတယ်။ ဆိုင်ကအလုပ်ရှင်ကတော့ အဲတာနဲ့ပတ်သက်ပြီး ပြောဆိုလာတာ ဆွေးနွေးတာမျိုးတွေတော့ မရှိပါဘူး။

DW ။ အသိမိတ်ဆွေတွေထဲမှာရော အဲဒီအကြောင်းကို သိကြတဲ့ သူတွေရှိလား။

ဖြေ ။ ဟုတ်ကဲ့ရှိပါတယ်။ အလုပ်ထဲမှာ အချင်းချင်း ပြောဖြစ်ကြပါသေးတယ်။

DW ။ အဲဒီရက်တွေကို ခံစားခွင့်ရခဲ့ဖူးလား။ မရဘူးဆိုရင် ခွင့်တောင်းခဲ့ဖူးလား။ ခွင့်ရက်တောင်းတဲ့အချိန် အလုပ်ရှင်/ စက်ရုံဘက်က ဘယ်လို တုံ့ပြန်လဲ။

ဖြေ ။ အဲလိုရက်အတွက် သီးသန့်ခံစားခွင့်ဆိုပြီး ပေးထားတာမျိုးမရှိပေမဲ့ ခွင့်တောင်းရင်တော့ ကြည်ကြည်ဖြူဖြူ နားခွင့်ပေးပါတယ်။ လစာဖြတ်လိုက်တာမျိုးလည်း မလုပ်ပါဘူး။

DW ။ ကိုယ့်ပတ်ဝန်းကျင်/အခြားခရိုင်/စက်ရုံတွေမှာရော ဓမ္မတာလာတဲ့ရက်ကို ခွင့်ရက်ပေးနေတာမျိုး ရှိနေလား။

ဖြေ ။ ၁၀၀ ရာခိုင်နှုန်း လုံးဝမရှိသေးပါဘူး။ အခြေခံပိတ်ရက်အဖြစ် သတ်မှတ်ထားတဲ့ ၄ ရက်နဲ့သာ အလုပ်လုပ်နေရတုန်းပါ။ ဒီနေရာမှာ အလုပ်နေရာတွေကွဲပြားပြီး တစ်ချို့ဆိုင်တွေမှာတော့ public holidays တွေ ရှိကောင်းရှိနိုင်ပါတယ်။ အဲ့ဒီပိတ်ရက်တွေက ဓမ္မတာ ပိတ်ရက်ပေးခြင်းနဲ့ လုံးဝမသက်ဆိုင်သေးပါဘူး။

DW ။ ဓမ္မတာလာနေတဲ့ ရက်တွေမှာ အလုပ်လုပ်ကိုင်ရတာက ကိုယ့်အတွက် ဘယ်လို အခက်အခဲမျိုးတွေ ဖြစ်စေသလဲ။

ဖြေ ။ ဓမ္မလာတာရက်ကို ခန့်မှန်းလို့ရနိုင်ပေမယ့် အချိန်အတိအကျကို မသိနိုင်လို့ လုံးဝ ကြိုတင်ပြင်ဆင်ထားလို့မရတော့ အလုပ်ခွင်ထဲရောက်တဲ့အချိန်မှ ဓမ္မတာဖြစ်နေတာ သိရပြီး အပြေးအလွှားနဲ့ အမျိုးသမီးသုံးပစ္စည်း ရှာရဖွေရ ငှားရပြုရတဲ့ အခက်အခဲလေးတွေတော့ရှိပါတယ်။ တော်တော်များများတော့ physically (ရုပ်ပိုင်းဆိုင်ရာ) မဟုတ်ရင် mentally (စိတ်ပိုင်းဆိုင်ရာ) အထိအခိုက်ရှိတော့ ဆီးအောင့် ဗိုက်နာလို့ အလုပ်ထဲ နားနေလိုက်ရတာမျိုး အိမ်ပြန်လိုက်ရတာမျိုးတွေ၊ စိတ်ပိုင်းဆိုင်ရာခံစားရတဲ့သူတွေကျ ဝမ်းနည်းလွယ်နေတာမျိုးတွေ ဒေါသထွက်မြန်တာတွေကြောင့် အလုပ်ထဲ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပဲဖြစ်ဖြစ် ကိုယ့်အထက်လူကြီးနဲ့ပဲဖြစ်ဖြစ် ပြဿနာအမျိုးမျိုး အခက်ခဲအမျိုးမျိုးတွေ ရှိကြမှာပါ။

DW ။ နောက်ပိုင်း လုပ်ငန်းခွင်တွေထဲမှာ ဓမ္မတာလာတဲ့ရက်ကို ခွင့်ရက်အဖြစ် တောင်းဆိုလို့ ရနိုင်လား။ ဘာစိန်ခေါ်မှုတွေရှိနိုင်လဲ။

ဖြေ ။ ဒီမေးခွန်းအတွက်ကတော့ တောင်းဆိုလို့ ရနိုင်သလို မရနိုင်တာမျိုးတွေလည်းရှိမှာပါ။ ဥပဒေ တစ်ရပ်အနေနဲ့ အတိအကျ ထွက်ချလာရင်တော့ ရုံးလုပ်ငန်းတွေလို၊ အစိုးရနဲ့ ဆက်နွယ်နေတဲ့ လုပ်ငန်းမျိုးတွေ၊ system ကောင်းတွေနဲ့ လည်ပတ်နေတဲ့ Hotels လုပ်ငန်းမျိုးတွေမှာဆိုရင်တော့ ရနိုင်မှာပါ။ အသေးစားလုပ်ငန်းလေးတွေမှာတော့ ရနိုင်မယ်မထင်ပါဘူး။ Survive (ရုန်းကန်အသက်ရှင်) ဖြစ်ဖို့အတွက် အလုပ်လုပ်နေကြရတဲ့ သူတွေအတွက်တော့ အဲ့ဒီဥပဒေက သက်ရောက်လာမယ် မထင်ပါဘူး။ အလုပ်ချိန်တွေများပြီး လစာနည်းနေတဲ့ လုပ်ငန်းခွင်မျိုးမှာတောင် အလုပ်လျှောက်လွှာတွေ ဒုနဲ့ဒေးဆိုတော့ ဓမ္မတာလာတဲ့ရက်ကိုခွင့်ရက်အဖြစ် သတ်မှတ်တာက သတင်းလေးတစ်ခု ဖြတ်လျှောက်ဖတ်လိုက်ရတာမျိုးပဲ ဖြစ်မှာပါ။

DW ။ ကျေးဇူးတင်ပါတယ်။

“ဒီလိုရက်တွေဆို စိတ်ရောလူရော နှစ်ဆပိုပင်ပန်းတယ်။ အလုပ်ကပြန်ရင် တန်းပြီး အိပ်ယာထဲလှဲလိုက်တယ်”

အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်နေသာ အသက် ၂၈ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦး (ဘန်ကောက်မြို့ မင်ဘူရီနယ်မြေ)

DW ။ ဓမ္မတာလာတဲ့ရက်ကို ခွင့်ရက်အဖြစ် ခွင့်ပြုပေးဖို့ အလုပ်ရှင်တွေကို ထိုင်းအစိုးရဘက်က ညွှန်ကြားထားတာ ရှိတယ်ပေါ့နော်။ ဒါနဲ့ပတ်သက်ပြီး သိထားလား။

ဖြေ ။ တစ်လောက သတင်းတွေမှာ ဖတ်မိတယ်။ အမျိုးသမီးတွေ ဓမ္မတာလာတဲ့ရက်ကို ခွင့်ရက်အဖြစ်သတ်မှတ်ပေးမယ်ဆိုလား။ အဲဒါပဲသိတယ်။ စက်ရုံမှာလည်း အစ်မတို့ မြန်မာအချင်းချင်တော့ ပြောကြည့်ဖြစ်တယ်။ အဲလိုလုပ်ပေးရင် ဓမ္မတာလာတဲ့အခါ တအားနာကျင်တတ်တဲ့ မိန်းကလေးတွေအတွက် ကောင်းတယ်ပေါ့နော်။

DW ။ အသိမိတ်ဆွေတွေထဲမှာရော အဲဒီအကြောင်းကို သိကြတဲ့ သူတွေရှိလား။

ဖြေ ။ အစ်မတို့ အထည်ချုပ်စက်ရုံမှာ လုပ်နေတဲ့ တော်တော်များများတော့ အဲဒီအ‌ကြောင်းကိုသိကြတယ်။ အားလုံးက အွန်လိုင်းသုံးနေကြတယ်ဆိုတော့ သိကြတယ်။

DW ။ အဲဒီရက်တွေကို ခံစားခွင့်ရခဲ့ဖူးလား။ မရဘူးဆိုရင် ခွင့်တောင်းခဲ့ဖူးလား။ ခွင့်ရက်တောင်းတဲ့အချိန် အလုပ်ရှင်/ စက်ရုံဘက်က ဘယ်လို တုန့်ပြန်မယ်လို့ ထင်လဲ။

ဖြေ ။ အဲလိုရက်‌တွေကို ခွင့်ရက်အဖြစ် မရခဲ့ဖူးဘူး။ ဒီလိုပဲ နာကျင်ကိုက်ခဲနေလည်း အလုပ်လာလိုက်ရင် သူလိုကိုယ်လို လုပ်ကိုင်လိုက်ရင် ပျောက်သွားတယ်။ သူများနိုင်ငံဆိုတော့ အလုပ်တစ်ရက် နားရင် တစ်ရက် အဖို့ပဲလေ ဒီလိုပါပဲ။ ခွင့်လည်းမတောင်းခဲ့ဖူးဘူး။ တောင်းရင်လည်း အဲလိုပြောရင် သူတို့ယုံပါ့မလား ဒီအတိုင်းလိမ်ပြောတယ် ထင်ကြမယ်ထင်တယ်။ အစ်မတော့ ခွင့်မယူဖူးတော့ သူတို့ဘက်ကတုန့်ပြန်မှုကို မသိဘူး။

DW ။ ကိုယ့်ပတ်ဝန်းကျင်/အခြားခရိုင်/စက်ရုံတွေမှာရော ဓမ္မတာလာတဲ့ရက်ကို ခွင့်ရက်ပေးနေတာမျိုး ရှိနေလား။

ဖြေ ။ အဲလိုတော့ မကြားမိဘူး။ အခြား‌မှာလုပ်နေတဲ့ သူငယ်ချင်းတွေ၊ အသိတွေလည်း အဲလိုခွင့်ပေးတယ်လို့ ပြောသံမကြားမိပါဘူး။ သတင်းတက်နေတာပဲတွေ့တယ်။ အစ်မတို့ပတ်ဝန်းကျင်မှာ အစ်မသိသလောက်ပေါ့နော် အဲလိုခွင့်ရက်သီးသန့်ပေးတာမျိုးမကြားမိဘူး။

DW ။ ဓမ္မတာလာနေတဲ့ရက်တွေမှာ အလုပ်လုပ်ကိုင်ရတာက ကိုယ့်အတွက် ဘယ်လို အခက်အခဲမျိုးတွေ ဖြစ်စေသလဲ။

ဖြေ ။ အစ်မဆို တစ်လနဲ့တစ်လ မတူဘူး။ နာကျင်တဲ့ လတွေဆို တအားနာကျင်တာ။ ဆီးစပ်တွေ မတရားကိုက်ပြီး အိပ်ယာထဲပဲ အိပ်နေချင်တာ။ ဘာမှလုပ်ချင်ကိုင်ချင်စိတ်လည်း မရှိဘူး။ ဒီလိုရက်တွေဆို စိတ်ရောလူရော နှစ်ဆပိုပင်ပန်းတယ်။ အလုပ်ကပြန်ရင် တန်းပြီး အိပ်ယာထဲလှဲလိုက်တယ်။ အစ်မထက် ပိုဆိုးတဲ့သူတွေလည်း မြင်ဖူးတယ်။ သူတို့ဆို အဲလိုရက်တွေမှာ အလုပ်မလာချင်ဘူး တအားညည်းညူကြတယ်။ အစ်မတို့မိန်းမတွေအချင်းချင်းတော့နားလည်တယ် ခံစားဖူးကြတယ်လေ။

DW ။ နောက်ပိုင်း စက်ရုံထဲမှာ ဓမ္မတာလာတဲ့ရက်ကို ခွင့်ရက်အဖြစ် တောင်းဆိုလို့ ရနိုင်လား။ ဘာစိန်ခေါ်မှုတွေရှိနိုင်လဲ။

ဖြေ ။ အားလုံးဝိုင်းဝန်းတောင်းဆိုရင်တော့ ရနိုင်မယ်ထင်တယ်။ ဘယ်လိုစိန်ခေါ်မှုတွေရှိလည်းဆိုတော့ အဲလိုတောင်းဆိုလို့ အလုပ်ဖြုတ်ခံရမှာကြောက်တယ်။ သူသူငါငါလည်း အဲအချိန်မှာ လုပ်နိုင်နေကြတယ်ဆိုတော့ အဲလိုကိစ္စတွေကို အဲလောက်ကြီးကြီးကျယ်ကျယ် ဘယ်သူမှ စိတ်ဝင်စားကြမယ်မထင်မိဘူး။ သတင်းတွေတက်လာပေမယ့် ကြာလာတော့ ဒီသတင်းလည်း ပျောက်ကွယ်သွားမယ်ထင်တယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“ဒီအချိန်ဆို ဘယ်လိုခံစားရလဲဆိုတာ သူဌေးမလည်း သိနေတော့ ရမယ်ထင်တယ်”

စားသောက်ဆိုင်တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမတစ်ဦး (ပရကျွတ်ခီရီခန်ခရိုင် ဟွာဟင်မြို့)

DW ။ ဓမ္မတာလာတဲ့ရက်ကို ခွင့်ရက်အဖြစ် ခွင့်ပြုပေးဖို့ အလုပ်ရှင်တွေကို ထိုင်းအစိုးရဘက်က ညွှန်ကြားထားတာ ရှိတယ်ပေါ့နော်။ ဒါနဲ့ပတ်သက်ပြီး သိထားလား။

ဖြေ ။ သိထားတယ်။

DW ။ အသိမိတ်ဆွေတွေထဲမှာရော အဲဒီအကြောင်းကို သိကြတဲ့ သူတွေရှိလား။

ဖြေ ။ မသိကြဘူး။

DW ။ အဲဒီရက်တွေကို ခံစားခွင့်ရခဲ့ဖူးလား။ မရဘူးဆိုရင် ခွင့်တောင်းခဲ့ဖူးလား။ ခွင့်ရက်တောင်းတဲ့အချိန် အလုပ်ရှင်/ စက်ရုံဘက်က ဘယ်လို တုံ့ပြန်မယ်လို့ ထင်လဲ။

ဖြေ ။ ကိုယ်က မနိုင်ဘူးဆို ခွင့်တောင်းရင် ခွင့်ပေးတယ်။ ဧည့်သည်များတဲ့နေ့ဆို ခွင့်မပေးဘူး။ အလုပ်လုပ်နေချိန် မနိုင်ဖြစ်လာရင် သူဌေးက အိမ်အထိ လိုက်ပို့ပေးတယ်။

DW ။ ကိုယ့်ပတ်ဝန်းကျင်/အခြားခရိုင်/စက်ရုံတွေမှာရော ဓမ္မတာလာတဲ့ရက်ကို ခွင့်ရက်ပေးနေတာမျိုး ရှိနေလား။

ဖြေ ။ အဲလိုတော့ မသိဘူး။ မနိုင်ရင် နားနေကြတာတော့ ရှိတယ်။

DW ။ ဓမ္မတာလာနေတဲ့ ရက်တွေမှာ အလုပ်လုပ်ကိုင်ရတာက ကိုယ့်အတွက် ဘယ်လို အခက်အခဲမျိုးတွေ ဖြစ်စေသလဲ။

ဖြေ ။ အဆင်မပြေဘူး။ ဒေါသထွက်နေတော့ ထိန်းပြီးလုပ်ရတယ်။ အလုပ်လုပ်ရတာ အဆင်မပြေဘူး။ ကိုယ်တွေ ကိုက်ခဲနာကျင်နေပြီး ပင်ပန်းနေတော့ လုပ်ရတာမပြေဘူး။

DW ။ နောက်ပိုင်း လုပ်ငန်းခွင်ထဲမှာ ဓမ္မတာလာတဲ့ရက်ကို ခွင့်ရက်အဖြစ် တောင်းဆိုလို့ ရနိုင်လား။ ဘာစိန်ခေါ်မှုတွေရှိနိုင်လဲ။

ဖြေ ။ ပြောတော့မတတ်ဘူး။ ရရင်တော့ ကောင်းတယ်။ ဒီအချိန်ဆို ဘယ်လိုခံစားရလဲဆိုတာ သူဌေးမလည်း သိနေတော့ ရမယ်ထင်တယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“အရမ်းနာကျင်တယ်။ ဒါကြောင့် (ဓမ္မတာလာပြီး) ပထမရက်ကို ခွင့်ယူပြီးနားရတယ်”

သံ/သတ္တုစက်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမတစ်ဦး (ထိုင်းအရှေ့ပိုင်း စကဲဝိုခရိုင်)

DW ။ ဓမ္မတာလာတဲ့ရက်ကို ခွင့်ရက်အဖြစ် ခွင့်ပြုပေးဖို့ အလုပ်ရှင်တွေကို ထိုင်းအစိုးရဘက်က ညွှန်ကြားထားတာ ရှိတယ်ပေါ့နော်။ ဒါနဲ့ပက်သက်ပြီး သိထားလား။

ဖြေ ။ အစိုးက ခွင့်ပေးတယ်ဆိုတာ သိထားပါတယ်။

DW ။ အသိမိတ်ဆွေတွေထဲမှာရော အဲဒီအကြောင်းကို သိကြတဲ့ သူတွေရှိလား။

ဖြေ ။ အခြားမြို့က အသိမိတ်ဆွေတွေလည်း ပြောပြကြပါတယ်။

DW ။ အဲဒီရက်တွေကို ခံစားခွင့်ရခဲ့ဖူးလား။ မရဘူးဆိုရင် ခွင့်တောင်းခဲ့ဖူးလား။ ခွင့်ရက်တောင်းတဲ့အချိန် အလုပ်ရှင်/ စက်ရုံဘက်က ဘယ်လို တုံ့ပြန်မယ်လို့ ထင်လဲ။

ဖြေ ။ အဲဒီရက်တွေမှာတော့ ကိုယ့်ဘာသာ အနားယူဖို့ ခွင့်တောင်းယူရပါတယ်။ နေမကောင်းဘူး ပြောပြီး ခွင့်ယူရတာမျိုးပါ။ စက်ရုံဘက်က တိတိကျကျ ပေးနားတာမျိုးတော့ မရှိပါဘူး။

DW ။ ကိုယ့်ပတ်ဝန်းကျင်/အခြားခရိုင်/စက်ရုံတွေမှာရော ဓမ္မတာလာတဲ့ရက်ကို ခွင့်ရက်ပေးနေတာမျိုး ရှိနေလား။

ဖြေ ။ အခြားစက်ရုံတွေမှာ ခွင့်ပေးမပေး တိတိကျကျ မသိရသေးပါဘူး။

DW ။ ဓမ္မတာလာနေတဲ့ ရက်တွေမှာ အလုပ်လုပ်ကိုင်ရတာက ကိုယ့်အတွက် ဘယ်လို အခက်အခဲမျိုးတွေ ဖြစ်စေသလဲ။

ဖြေ ။ အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက်က period time မှာ နာကျင်တာချင်းက မတူကြဘူး။ တချို့အမျိုးသမီးတွေလည်း ဘယ်လိုမှနာကျင်တာမျိုးမရှိကြဘူး။ ကျွန်မတို့ကျတော့ အရမ်းနာကျင်တယ်။ ဒါကြောင့် (ဓမ္မတာလာပြီး) ပထမရက်ကို ခွင့်ယူပြီးနားရတယ်။

DW ။ နောက်ပိုင်း စက်ရုံထဲမှာ ဓမ္မတာလာတဲ့ရက်ကို ခွင့်ရက်အဖြစ် တောင်းဆိုလို့ ရနိုင်လား။ ဘာစိန်ခေါ်မှုတွေရှိနိုင်လဲ။

ဖြေ ။ နောက်ပိုင်းမှာ တောင်းဆိုကြလိမ့်မယ်လို့ မထင်ဘူး။ ခံစားရတာချင်း မတူကြတဲ့အတွက် ပြသနာမဖြစ်ချင်ကြတဲ့အတွက် နာကျင်မှုကို မခံစားရတဲ့သူက ပါဝင်ပြီး ပြောကြမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“အမျိုးသမီးတိုင်း ဖြစ်တဲ့ ကိစ္စကို သူတို့အနေနဲ့ ထည့်သွင်းစဉ်းစားစေချင်တယ်”

နို့ဘူးစက်ရုံက အသက် ၂၄ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦး (စမွတ်စခွန်ခရိုင်၊ မဟာချိုင်)

DW ။ ဓမ္မတာလာတဲ့ရက်ကို ခွင့်ရက်အဖြစ် ခွင့်ပြုပေးဖို့ အလုပ်ရှင်တွေကို ထိုင်းအစိုးရဘက်က ညွှန်ကြားထားတာ ရှိတယ်ပေါ့နော်။ ဒါနဲ့ပက်သက်ပြီး သိထားလား။

ဖြေ ။ သိထားတယ်ရှင်။ စက်ရုံက ပြောတာတော့ မဟုတ်ဘူး။ လိုင်းပေါ်က သတင်းတွေမှာ တွေ့လို့ သိထားတယ်။ အလုပ်က လူတွေအချင်းချင်းပြောပြီး ပျော်နေသေးတယ်။ အဲလိုတကယ် လုပ်ပေးရင်ကောင်းမယ်ဆိုပြီး။

DW ။ အသိမိတ်ဆွေတွေထဲမှာရော အဲဒီအကြောင်းကို သိကြတဲ့ သူတွေရှိလား။

ဖြေ ။ သိတယ်။ စက်ရုံက မြန်မာတော်တော်များများ သိကြတယ်။ အဲလိုဖြစ်ဖို့ မျှော်လင့်နေကြတယ်။ အဲဒီအချိန်က အမျိုးသမီးတွေအတွက် စိတ်ရောကိုယ်ပါ တအားပင်ပန်းတဲ့အချိန်တွေ ခွင့်ရက်ပေးရင်ကောင်းမယ်။

DW ။ အဲဒီရက်တွေကို ခံစားခွင့်ရခဲ့ဖူးလား။ မရဘူးဆိုရင် ခွင့်တောင်းခဲ့ဖူးလား။ ခွင့်ရက်တောင်းတဲ့အချိန် အလုပ်ရှင်/ စက်ရုံဘက်က ဘယ်လို တုံ့ပြန်မယ်လို့ ထင်လဲ။

ဖြေ ။ တစ်ခါတစ်လေ အဲရက်တွေ ယူနားတယ်။ သူများနားချိန်တွေ အချိန်ပို ပြန်ဆင်းပေးရတယ်။ ခွင့်တောင်းရင် အလုပ်သမားခေါင်းဆောင်က မျက်နှာတော့ မကောင်းဘူးပေါ့။ ဒါလေးဖြစ်တာကို အလုပ်နားစရာလား မျက်နှာပေးနဲ့။ ဒါပေမဲ့ ကိုယ်နာကျင်ခံစားရတာကိုယ်ပဲ သိတယ်။

DW ။ ကိုယ့်ပတ်ဝန်းကျင်မှာရော ဓမ္မတာလာတဲ့ရက်ကို ခွင့်ရက်ပေးနေတာမျိုး ရှိနေလား။

ဖြေ ။ သီးသန့် ခွင့်ရက်ပေးတာမျိုးတော့ မရှိဘူးထင်တယ်။ အစ်မသိသလောက်ပေါ့နော်။ အဲလို ရာသီလာတဲ့နေ့တွေမှာ ခွင့်ယူပြီး နားလို့ရတဲ့ စက်ရုံလည်းရှိတယ်။ တချို့ အလုပ်ရုံတွေဆိုလည်း မပေးနားဘူး။ သူတို့သတ်မှတ်ရက်ကျမှ နားရတယ်။

DW ။ ဓမ္မတာလာနေတဲ့ ရက်တွေမှာ အလုပ်လုပ်ကိုင်ရတာက ကိုယ့်အတွက် ဘယ်လို အခက်အခဲမျိုးတွေ ဖြစ်စေသလဲ။

ဖြေ ။ အစ်မအတွက်တော့ အခက်အခဲ တအားဖြစ်တယ်။ အစ်မက ရာသီလာရင် တအားကိုက်ခဲတယ်။ ဆီးစပ်တွေ တအားကိုက်တယ်။ ဆေးသောက်ပြီး အိပ်နေမှရတယ်။ ခြေကုန်လက်ပန်းကျတယ်။ အစားလည်းမဝင်ဘူး။ လူက လူမမာလိုပဲ ဖြူဖတ်ဖြူရော်နဲ့။ အလုပ်ကလည်း လတိုင်း နားရက်မဟုတ်တဲ့ ရာသီလာတဲ့ရက်တွေမှာ နားလို့ အဆင်မပြေဘူး။ တိုးတက်နေတဲ့ခေတ်ကြီးမှာ ဆေးသောက်လိုက်ရင်ပျောက်တယ် ဆိုပေမယ့် အကိုက်အခဲ ပျောက်ဆေးတွေက ကြာကြာသောက်ရင် မကောင်းဘူးလေ။ အဲအချိန်တွေဆို ကိုယ့်ဘဝကိုယ် အရမ်းသနားမိတယ်။

DW ။ နောက်ပိုင်းမှာ ဓမ္မတာလာတဲ့ရက်ကို ခွင့်ရက်အဖြစ် တောင်းဆိုလို့ ရနိုင်လား။ ဘာစိန်ခေါ်မှုတွေရှိလို့လဲ။

ဖြေ ။ အစ်မတော့ တောင်းဆိုကြည့်ချင်တယ်။ အမျိုးသမီးတိုင်းဖြစ်တဲ့ကိစ္စကို သူတို့အနေနဲ့ ထည့်သွင်း စဉ်းစားစေချင်တယ်။ အစ်မစိတ်ကူးပေါ့နော်။ တချို့ ရာသီလာတဲ့အခါ ဘာမှမခံစားရတဲ့သူတွေလည်း ရှိတယ်။ ဒါပေမဲ့ အမျိုး သမီး ၇၀ ရာခိုင်နှုန်းလောက်ကတော့ အစ်မ ဖြစ်သလိုဖြစ်ကြမယ်ထင်တယ်။ စိန်ခေါ်မှုကတော့ အမျိုးသမီးအားလုံးဝိုင်းပြီး တောင်းဆိုလိုက်ရင် အဆင်ပြေမယ်ထင်တယ်။ သူတို့ဘက် က အရင် ကြေညာထားတာဆိုတော့လေ။

DW ။ ကျေးဇူးတင်ပါတယ်။

“နေမကောင်းလို့ အိမ်ပြန်တာတောင် လစာဖြတ်တော့ အဲအတွက်ဆို တောင်းလည်း ပေးမှာမဟုတ်ဘူး”

ဖူးခက်မြို့က ထားဝယ်ဒေသခံ အမျိုးသမီးတစ်ဦး

DW ။ ထိုင်းအစိုးရက ဓမ္မတာလာချိန်ကို လစာအပြည့် ခွင့်ရက်အဖြစ် သတ်မှတ်ပေးထားပါတယ်။ အဲဒါကိုသိလား။

ဖြေ ။ သိပါတယ်။ ဘယ်လိုသိလဲဆိုတော့ Dawei Watch ကနေတင်ထားတာလည်း ဖတ်ရပြီး တချို့နှစ်ရှည်ထိုင်းကို ရောက်နေတဲ့သူတွေကနေ ထိုင်းသတင်းက ဖော်ပြထားတာကို ဘာသာပြန်တင်ပေးထားတာလည်း ဖတ်ရတယ်။

DW ။ အလုပ်ရှင် သူဌေးတွေက တကယ်ပဲ ဓမ္မတာလာချိန် ခွင့်ပေးရဲ့လား။

ဖြေ ။ ကျွန်မတို့သူဌေးကတော့ အဲလိုမျိုးအတွက် မပြောဘူး။ နေမကောင်းလို့ အိမ်ပြန်တာတောင် လစာဖြတ်တော့ အဲအတွက်ဆို တောင်းလည်း ပေးမှာမဟုတ်ဘူးလို့ ထင်တဲ့အတွက် မတောင်းဖြစ်ဘူး။

DW ။ ဓမ္မတာချိန် ခွင့်ပေးတာနဲ့ပတ်သက်ပြီး ဘာတွေပြောချင်တာရှိသေးလဲ။

ဖြေ ။ သူဌေးကနေ အဲလိုမျိုးခွင့်ရက် ပေးမယ်ဆိုတာ ကြိုပြီးပြောရင်တော့ အဲရာသီလာတဲ့ရက်တွေဆို ခွင့်တိုင်ဖြစ်မယ်။ အခုက အစိုးရကတော့ ပေးတယ်ဆိုတဲ့ဟာ လိုင်းပေါ်မှာသာ တွေ့ရပြီး (သူဌေးကို) သွားပြီးလည်း မေးလို့မရဲဘူးပေါ့။ သူဌေးကို မေးရင်လည်း ကျွန်မတို့သူဌေးကတော့ မပေးလောက်ဘူး ထင်တယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“ဖြစ်နိုင်ရင် ကျွန်မတို့အတွက် ဓမ္မတာလာချိန်ကိုတော့ ခွင့်ရက် ရချင်ပါတယ်ရှင်”

ထားဝယ်ဒေသခံ အမျိုးသမီး အလုပ်သမတစ်ဦး (ထိုင်းတောင်ပိုင်း၊ ကော့စမွေ)

DW ။ ထိုင်းအစိုးရက ဓမ္မတာလာချိန်ကို လစာအပြည့် ခွင့်ရက်အဖြစ်သတ်မှတ်ပေးထားပါတယ်။ အဲဒါကိုသိလား။

ဖြေ ။ ဟုတ်ကဲ့ သိပါတယ်ရှင်။ တချို့မီဒီယာတွေမှာလည်း ဖော်ပြထားတာ ဖတ်ရတယ်။

DW ။ အလုပ်ရှင် သူဌေးတွေက တကယ်ပဲ ဓမ္မတာလာချိန် ခွင့်ပေးရဲ့လား။

ဖြေ ။ မပေးဖူးဘူးရှင်။ သူဌေးလည်း ဘာမှမပြောဘူးရှင် အဲဒါနဲ့ပတ်သက်ပြီး။ အစိုးရကနေ ဓမ္မတာလာချိန် ခွင့်ရက်ပေးတာ သိပေမယ့်လည်း သူဌေးလည်းမပေးသလို ကျွန်မတို့လည်း မတောင်းဖြစ်ဘူးရှင်။

DW ။ ကိုယ့်ပတ်ဝန်းကျင်မှာရော ဓမ္မတာလာချိန် ခွင့်ရက်ရတာမျိုးရှိလား။ ဘယ်လိုအခြေအနေရှိလဲ။

ဖြေ ။ တော်တော်များများသိကြတယ်။ အဲလိုသာရရင်တော့ အရမ်းကိုပျော်ကြမှာပဲ။ ဘာဖြစ်လို့ဆို မိန်းကလေးတစ်ယောက်ဟာ ဓမ္မတာလာတဲ့ချိန်ဆို စိတ်ညစ်ရလို့ အသွားအလာကအစ လွတ်လပ်မှု မရှိသလို ခံစားရလို့ပဲ။ အခုထိတော့ (ပတ်ဝန်းကျင်မှာ) ခွင့်ရတယ်လို့တော့ မကြားရသေးဘူးရှင်။

DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ ဖြစ်နိုင်ရင် ကျွန်မတို့အတွက် ဓမ္မတာလာချိန်ကိုတော့ ခွင့်ရက် ရချင်ပါတယ်ရှင်။ ဒါမိန်းကလေးအများစုအတွက် တကယ်ကို ကျန်းမာရေးအတွက်ပါ အရေးကြီးတဲ့ရက်ဖြစ်လို့ပါ။

DW ။ ကျေးဇူးတင်ပါတယ်။

“အဲလိုပေးဖို့နေနေသာသာ အလုပ်မှာနေမကောင်းလို့ခွင့်ယူပြီး အိမ်ပြန်တာတောင် တစ်ခါတည်း ပိုက်ဆံဖြတ်တာ”

အသက် ၂၅ နှစ်၊ ဖူးခက်မြို့၊ စားသောက်ဆိုင်ဝန်ထမ်း

DW ။ ထိုင်းအစိုးရက ဓမ္မတာလာချိန်ကို လစာအပြည့် ခွင့်ရက်အဖြစ်သတ်မှတ်ပေးထားပါတယ်။ အဲဒါကိုသိလား။

ဖြေ ။ သိပါတယ်။လူမှုစာမျက်နှာကနေပြီးသိတယ်။ ဘယ်ကနေတင်တယ်ဆိုတာတော့ မမှတ်မိလိုက်ဘူးရှင်။

DW ။ အလုပ်ရှင် သူဌေးတွေက တကယ်ပဲ ဓမ္မတာလာချိန် ခွင့်ပေးရဲ့လား။

ဖြေ ။ မပေးပါဘူးရှင်။ သူဌေးကပေးဖို့ပြောလည်းမပြောဖူးဘူး။

DW ။ ထိုင်းအစိုးရကနေပြီး ဓမ္မတာလာချိန် ခွင့်ရက်သတ်မှတ်ပေးထားပေမယ့် အလုပ်ရှင်သူဌေးခွင့်မပေးဘူးဆိုရင် အလုပ်ရှင်သူဌေးကို ဓမ္မတာလာနေတာကြောင့် ခွင့်ပေးဖို့ တောင်းဆိုဖူးလား။

ဖြေ ။ မတောင်းဆိုဖူးဘူး။အဲလိုပေးဖို့နေနေသာသာ အလုပ်မှာနေမကောင်းလို့ခွင့်ယူပြီး အိမ်ပြန်တာတောင် တစ်ခါတည်း ပိုက်ဆံဖြတ်တာ။ အဲလိုပေးမယ်ဆိုမဖြစ်နိုင်ဘူးလို့ထင်ပါတယ်ရှင်။

DW ။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေရော ထိုင်းအစိုးရက ဓမ္မတာလာချိန် ခွင့်ရက်ပေးထားတာကို သိလား။ ခွင့်ရဖူးတာရှိလား။ ဘာတွေကြုံနေရတာလဲ။

ဖြေ ။ တော်တော်များများသိကြပါတယ်။ ခွင့်ပေးတယ်လို့တစ်ယောက်မှအသံမကြားရဘူး။

DW ။ ဓမ္မတာချိန် ခွင့်ပေးတာနဲ့ပတ်သတ်ပြီး ဘာတွေပြောချင်တာရှိသေးလဲ။

ဖြေ ။ ဓမ္မတာလာချိန် အမျိုးသမီးတစ်ယောက်အတွက် အရမ်းအရေးပါတယ်လို့ထင်ပါတယ်။ ဘယ်အလုပ်မဆို အဲလိုဓမ္မတာလာတဲ့အချိန်ဆို တကယ်ခွင့်ပေးရင်ကောင်းမယ်လို့ထင်ပါတယ်။

“(ဓမ္မတာလာရက်ခွင့်) အဲလိုမျိုးတော့မတောင်းဖူးဘူးရှင်။ မတောင်းရဲဘူးရှင် (ရယ်လျက်)”

အသက် ၂၇နှစ်၊ ဟိုတယ်ဧည့်ကြိုဝန်ထမ်း၊ ကော့စမွေကျွန်း

DW ။ ထိုင်းအစိုးရက ဓမ္မတာလာချိန်ကို လစာအပြည့် ခွင့်ရက်အဖြစ်သတ်မှတ်ပေးထားပါတယ်။ အဲဒါကိုသိလား။

ဖြေ ။ သိတယ်ရှင်။တချို့မီဒီယာတွေနဲ့ရွှေ့ပြောင်းမြန်မာအရေးနဲ့ပတ်သက်ပြီး လုပ်ပေးနေတဲ့အဖွဲ့တွေကနေ ဘာသာပြန်ပြီး လူမှုစာမျက်နှာမှာတင်ထားတာတွေ့ရတယ်ရှင်။ စိတ်ထဲမှာတော့ကျွန်မတို့အတွက် မဖြစ်နိုင်ဘူး ထင်တယ်ရှင်။ကျွန်မတို့အတွက် သိရုံလောက်ကနေ မပိုဘူးထင်တာပဲရှင်။

DW ။ အလုပ်ရှင် သူဌေးတွေက တကယ်ပဲ ဓမ္မတာလာချိန် ခွင့်ပေးရဲ့လား။

ဖြေ ။ မပေးဘူးရှင်။ သူဌေးလည်း ဓမ္မတာလာတဲ့ခွင့်ရက်နဲ့ပတ်သက်ပြီးဘာမှမပြောဘူးရှင်။ ကျွန်မအထင် မပေးလောက်ဘူးထင်တာပဲရှင်။

DW ။ ထိုင်းအစိုးရကနေပြီး ဓမ္မတာလာချိန် ခွင့်ရက်သတ်မှတ်ပေးထားပေမယ့် အလုပ်ရှင်သူဌေးခွင့်မပေးဘူးဆိုရင် အလုပ်ရှင်သူဌေးကို ဓမ္မတာလာနေတာကြောင့် ခွင့်ပေးဖို့ တောင်းဆိုဖူးလား။

ဖြေ ။ အဲလိုမျိုးတော့မတောင်းဖူးဘူးရှင်။ မတောင်းရဲဘူးရှင် (ရယ်လျက်)

DW ။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေရော ထိုင်းအစိုးရက ဓမ္မတာလာချိန် ခွင့်ရက်ပေးထားတာကို သိလား။ ခွင့်ရဖူးတာရှိလား။ ဘာတွေကြုံနေရတာလဲ။

ဖြေ ။ တော်တော်များများသိကြတယ်ရှင်။ကျွန်မအသိထဲမှာတော့ မရှိဘူးရှင်။ အဲလိုမျိုးခွင့်ရက်ရတာ မကြားမိသေး ဘူးရှင်။

DW ။ ဓမ္မတာချိန် ခွင့်ပေးတာနဲ့ပတ်သက်ပြီး ဘာတွေပြောချင်တာရှိသေးလဲ။

ဖြေ ။ ကျွန်မအထင်တော့စက်ရုံအလုပ်သမားတွေကနေပြီးပဲ အဲအစီအစဥ်တွေကို စမယ်လို့ထင်တယ်ရှင်။ ကျွန်မတို့တွေအတွက် မပါဘူးလို့ထင်ပါတယ်ရှင်။

“နေမကောင်းလို့ ခွင့်တိုင်တာတောင် မယုံကြည်သလိုလိုနဲ့ ဆေးခွင့်(ဆရာဝန်ထောက်ခံချက်) တွေတောင် တောင်းတယ်”

အသက် ၂၇ နှစ်၊ စားသောက်ဆိုင်စားပွဲထိုး၊ ဖူးခက်မြို့

DW ။ ထိုင်းအစိုးရက ဓမ္မတာလာချိန်ကို လစာအပြည့် ခွင့်ရက်အဖြစ်သတ်မှတ်ပေးထားပါတယ်။ အဲဒါကိုသိလား။

ဖြေ ။ သိတယ်ရှင်။ Dawei Watch မှာလည်းဖတ်ရတယ်ရှင်။

DW ။ အလုပ်ရှင် သူဌေးတွေက တကယ်ပဲ ဓမ္မတာလာချိန် ခွင့်ပေးရဲ့လား။

ဖြေ ။ မပေးဘူးရှင်။ သူဌေးလည်းမပြောဘူး အဲခွင့်ရက်နဲ့ပတ်သက်ပြီးရှင်။

DW ။ ထိုင်းအစိုးရကနေပြီး ဓမ္မတာလာချိန် ခွင့်ရက်သတ်မှတ်ပေးထားပေမယ့် အလုပ်ရှင်သူဌေးခွင့်မပေးဘူးဆိုရင် အလုပ်ရှင်သူဌေးကို ဓမ္မတာလာနေတာကြောင့် ခွင့်ပေးဖို့ တောင်းဆိုဖူးလား။

ဖြေ ။ မတောင်းဆိုဖူးဘူးရှင်။ အဲကိစ္စနဲ့ပတ်သက်ပြီး နေမကောင်းလို့ ခွင့်တိုင်တာတောင် မယုံကြည်သလိုလိုနဲ့ ဆေးခွင့်(ဆရာဝန်ထောက်ခံချက်) တွေတောင် တောင်းတယ်။ သူဌေးကတော့ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ ခွင့်ယူရင်သိပ်မကြိုက်ချင်ကြဘူး။

DW ။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေရော ထိုင်းအစိုးရက ဓမ္မတာလာချိန် ခွင့်ရက်ပေးထားတာကို သိလား။ ခွင့်ရဖူးတာရှိလား။ ဘာတွေကြုံနေရတာလဲ။

ဖြေ ။ သိကြတယ်ရှင်။ အဲလိုမျိုးပေးတာလည်း မရှိဘူးလို့ထင်တာပဲ။ တကယ်ပေးမယ်ဆို အဲဒါနဲ့ပတ်သက်ပြီး ကြားမိမှာပဲ။

DW ။ ဓမ္မတာချိန် ခွင့်ပေးတာနဲ့ပတ်သတ်ပြီး ဘာတွေပြောချင်တာရှိသေးလဲ။

ဖြေ ။ ဖြစ်နိုင်ရင် အဲလိုလာတဲ့ရက်တွေဆို တစ်ယောက်နဲ့တစ်ယောက်မတူကြဘူး။ တချို့ကရပ်နိုင်တဲ့သူရှိသလို တချို့ကမရပ်နိုင်ကြဘူး။ မရပ်နိုင်တဲ့သူတွေအတွက်ဆို တကယ်ကိုခက်ခဲတယ်။ သူဌေးက တစ်ပတ်မှာနားရက်တစ်ရက် ပေးတယ်။ ကိုယ်နားရက်မှာ နားရင်တော့ဘာမှမပြောဘူး။