ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၇၅ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနတစ်ခုတွင် ဖော်ပြသည်။
ယနေ့ စက်တင်ဘာလ ၈ ရက် နေ့လယ် ၁၂ နာရီခန့်က ကန်ချနဘူရီမြို့ ကဲ့စီယမ်ဒေသ လမ်းမကြီးဘေးရှိ တောထဲတွင် မြန်မာနိုင်ငံသားများ အုပ်စုလိုက်ရှိနေကြောင်း သတင်းပေးတိုင်ကြားလာသဖြင့် အာဏာပိုင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။
နောက်ထပ် ကားသုံးစီးကလည်း မြန်မာနိုင်ငံသားများကို တင်ဆောင်ရန် လမ်းဘေးတွင် ရပ်ထားသည်ကို တွေ့ရှိခဲ့သည်ဟု တိုင်ကြားခဲ့ကြောင်း ဆိုသည်။
အာဏာပိုင်များ ရောက်ရှိလာချိန်တွင် ကားသုံးစီးမှာ မောင်းပြေးသဖြင့် နောက်ကလိုက်လံဖမ်းဆီးခဲ့သော်လည်း မိုးသည်းထန်လာသဖြင့် ကားသုံးစီးမှာ လွတ်မြောက်သွားခဲ့ကြောင်း ဖော်ပြသည်။
အနီးရှိ တောထဲကို စစ်ဆေးရာ မိုးရေထဲ ပုန်းနေကြသော မြန်မာနိုင်ငံသား အမျိုးသား ၅၂ ဦး၊ အမျိုးသမီး ၂၃ ဦး စုစုပေါင်း ၇၅ ဦးကို တွေ့ရှိခဲ့ပြီး အားလုံးတွင် တရားဝင် နေထိုင်ခွင့် အထောက်အထားများ မတွေ့ရကြောင်း ဖော်ပြသည်။
မြန်မာနိုင်ငံသားများသည် ဘုရားသုံးဆူလမ်းကြောင်းမှတစ်ဆင့် တရားမဝင် ဝင်လာကြပြီး နောက်ထပ် ကားလာကြိုမည့်အချိန်ကို စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်ဟု ဆိုသည်။
အားလုံးသည် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ပွဲစားများကို ဘတ် ၂၀၀၀၀ မှ ၃၀၀၀၀ အထိ ပေးချေရမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
ဖမ်းဆီးခံရသူများကို ကန်ချနဘူရီရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး ဥပဒေအရ ဆက်လက်အရေးယူမည်ဖြစ်ကြောင်း ဖော်ပြသည်။
Ref: โจโฉ