သတိပေးချက်
October 11, 2025

ထိုင်းတောင်ပိုင်း ကရာဘီတွင် CI စာအုပ် ထုတ်ပေးရေးစခန်းအသစ် ဖွင့်မည်

October 8, 2025

October 8, 2025
ပုံစာ - ပြီးခဲ့သော ၂၀၂၄ ခုနှစ်က စမွတ်ပရကန်ခရိုင်တွင် ဖွင့်လှစ်ခဲ့သော CI စခန်းတစ်ခု

ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) ထုတ်ပေးရေးစခန်းအသစ်တစ်ခုကို လာမည့် အောက်တိုဘာလ ၁၀ ရက်နေ့မှစ၍ ထိုင်းနိုင်ငံတောင်ပိုင်း ကရာဘီခရိုင်တွင် တိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံးက အောက်တိုဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်သည်။

CI စာအုပ်သက်တမ်းတိုးစခန်းများကို စမွတ်စခွန် မဟာချိုင်၊ စမွတ်ပရကန် ဖပဲဒင်၊ ချင်းမိုင် မဲရင်းနှင့် စူရတ်ဌာနီ ဖုဖိန်းဒေသများတွင် ဩဂုတ်လ ၆ ရက်နေ့မှစ၍ ဖွင့်လှစ်ပေးထားပြီးဖြစ်သည်။

ယင်းစခန်းလေးခုအနက် ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် CI စာအုပ်ထုတ်ပေးရေး စခန်းတစ်ခုသာ ဖွင့်လှစ်ထားသဖြင့် တောင်ပိုင်းရှိ မြန်မာအလုပ်သမားများအတွက် လုံလောက်မှု မရှိပေ။

ယင်းကြောင့်ထိုင်းတောင်ပိုင်းတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများမှာ စမွတ်စခွန်၊ စမွတ်ပရကန်ခရိုင်များအထိ လာရောက်ပြီး CI စာအုပ်သက်တမ်းတိုး လုပ်ဆောင်နေသည်ကို တွေ့ရသဖြင့် ယင်းစခန်းများတွင် သက်တမ်းတိုးသူ အရေအတွက် ပိုများလာနေရာ ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့ကြောင့် မြန်မာအလုပ်သမားများစွာရှိသော ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်၊ ဖန်င၊ ကော့စမွေဒေသများအတွက် CI စာအုပ်ထုတ်ပေးရေးစခန်းအသစ်တစ်ခုကို အောက်တိုဘာလ ၁၀ ရက်နေ့မှစ၍ ကရာဘီခရိုင်တွင် စတင်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

CI စာအုပ် သက်တမ်းတိုးလိုသော မြန်မာအလုပ်သမားများသည် 7-Eleven စတိုးဆိုင်များတွင် ဘတ် ၂၆၇၀ ကို ကနဦးပေးသွင်း၍ ကြိုတင်ရက်ချိန်း ရယူကာ သက်ဆိုင်ရာ CI စခန်းများတွင် သွားရောက်သက်တမ်းတိုး လုပ်ဆောင်ရမည်ဖြစ်သည်။

CI စာအုပ်သက်တမ်းတိုးလုပ်ဆောင်စရိတ်သည် ဘတ် ၂၆၇၀ သာကျသင့်မည်ဟု အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသော်လည်း လက်တွေ့တွင်မူ ပြင်ပပေါက်စျေးမှာ စာအုပ်သက်တမ်းတိုးရန် ဘတ် ၅၀၀၀ နှင့်အထက်တွင် ရှိနေကြောင်း အလုပ်သမားများထံမှ သိရသည်။

ယခုဖွင့်လှစ်ပေးထားသော CI စာအုပ်ထုတ်ပေးရေးစခန်းများတွင် စာအုပ်ရှိပြီးသား သက်တမ်း ၆ လမကျန်သော လူဟောင်းများက စာအုပ်သက်တမ်းတိုး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။

ပြီးခဲသော ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ကတ်) ပြုလုပ်ထားသော မြန်မာအလုပ်သမားများအတွက် CI စာအုပ်အသစ် ထုတ်ပေးမည့်အချိန်ကိုမူ သံအရာရှိရုံးက ထုတ်ပြန်ခြင်းမရှိသေးသဖြင့် မသိရသေးပေ။