သတိပေးချက်
October 11, 2025

အလုပ်ထုတ်ခံရသော မြန်မာလုပ်သားများ နစ်နာကြေး ထိုင်းဘတ် သုံးသန်းကျော်ရ

October 8, 2025

October 8, 2025
ပုံစာ - ချာချင်စောင်ခရိုင်တွင် အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမားများကို MHAC အဖွဲ့က ကူညီဖြေရှင်းပေးနေစဉ်။ ဓာတ်ပုံ – MHAC

ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ချာချင်စောင်ခရိုင်တွင် ရုတ်တရက် အလုပ်ထုတ်ခံရသော မြန်မာနိုင်ငံသားများ နစ်နာကြေး ဘတ် သုံးသန်းကျော် ရရှိကြောင်းMHAC မဟာမိတ်အဖွဲ့နှင့် မြန်မာနိုင်ငံသားများထံမှ သိရသည်။

အောက်တိုဘာလ ၁ ရက်က ချာချင်စောင်ခရိုင်ရှိ အလှကုန်ပစ္စည်းစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၃၂၀ ဦးကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

စက်ရုံဘက်က အကြောင်းပြချက် တိတိကျကျမပေးဘဲ လုပ်သက်နည်းသော မြန်မာအလုပ်သမားများကို ရုတ်တရက် အလုပ်ထုတ်လိုက်သဖြင့် MHAC မဟာမိတ်အဖွဲ့နှင့်အတူ မြန်မာအလုပ်သမားများက အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံး (ဆာဝါဒီကန်) သို့ တိုင်ကြားခဲ့ကြောင်း မြန်မာအလုပ်သမားများက ပြောသည်။

အောက်တိုဘာလ ၇ ရက်တွင် ထိုင်းအစိုးရတာဝန်ရှိသူများက အလုပ်ရှင်နှင့် ညှိနှိုင်းပေးခဲ့ပြီး ဥပဒေအတိုင်း မြန်မာအလုပ်သမားများကို နစ်နာကြေးပေးစေခဲ့ကြောင်း အလုပ်သမားများက ဆိုသည်။

မြန်မာအလုပ်သမားများအနက် လုပ်သက် ၃ လနှင့်အထက်ရှိသူများသည် နစ်နာကြေး ဘတ် ၁၀၈၀၀ နှင့် လုပ်သက် ၃ လအောက် အလုပ်သမားများမှာ ဘတ် ၉၀၀၀ ရရှိကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမား ၃၂၀ ဦးရှိသဖြင့် စုစုပေါင်း နစ်နာကြေး ဘတ် သုံးသန်းကျော် ရရှိကြောင်း သိရသည်။

နစ်နာကြေးအပြင် အလုပ်သမားများ၏ စာရွက်စာတမ်းများကိုလည်း ပြန်လည်ပေးအပ်ခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် မြန်မာအလုပ်သမားများအနေဖြင့် အလုပ်လက်မဲ့ဖြစ်နေပြီး အလုပ်အသစ်ကို ဆက်လက်ရှာဖွေရမည် ဖြစ်ကြောင်း အလုပ်သမားတစ်ဦးက ပြောဆိုသည်။

“ကိစ္စအဝဝတော့ ရှင်းသွားပါပြီ။ အစက ဒီစက်ရုံမှာ (အလုပ်ပြန်) ဝင်ရင် အဆင်ပြေမယ်လို့ ထင်ထားခဲ့တာ။ တလွဲတွေ ဖြစ်ကုန်တာပေါ့။ ဒါပေမဲ့ ကိုယ့်ဘက်ကလည်း ဘာမှ လုပ်မရဘူးလေ။ ပြသနာတွေ ပြီးသွားတော့လည်း အလုပ်အသစ် ထပ်ရှာရုံပေါ့” ဟု ကိုယ်တိုင်အလုပ်ထုတ်ခံရသော မြန်မာတစ်ဦးက ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံရှိ စက်ရုံအချို့က မြန်မာအလုပ်သမားများကို ရုတ်တရက် အလုပ်ထုတ်မှု ပိုများလာနေပြီး ပြီးခဲ့သော လက မဟာချိုင်ရှိ နာမည်ကြီး Cal-Comp စက်ရုံက မြန်မာအလုပ်သမား ၁၄၀၀ ကျော်ကို ရုတ်တရက် အလုပ်ထုတ် ခံရသေးသည်။