ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် အိမ်ရှေ့ စကားကျယ်ကျယ်ပြောနေသည်ဟုဆိုကာ ထိုင်းနိုင်ငံသားတစ်ဦးက မြန်မာနိုင်ငံသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
မတ်လ ၈ ရက်နေ့ နံနက် ၁၀ နာရီခန့်က ချင်းမိုင်မြို့ ဟန်ဒေါင်းဒေသရှိ ကုန်စုံဆိုင်တစ်ဆိုင်ရှေ့တွင် သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသားနှစ်ဦးမှာ ကုန်စုံဆိုင်ရှေ့တွင် စကားပြောနေကြစဉ် သေနတ်သံကြားရလိုက်ရပြီး တစ်ဦး၏ ညာဘက်မျက်ခုံးအနီးတွင် ကျည်ဆန်ထိမှန်သွားသည်။
ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များရောက်လာချိန် သွေးအိုင်ထဲ လဲ၍ သတိမေ့နေသော အသက် ၃၃ နှစ်အရွယ် မြန်မာနိုင်ငံသားကို ရှေးဦးစွာကုသပေးခဲ့ပြီး ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မြန်မာနှစ်ဦး ၎င်း၏ ကုန်စုံဆိုင်ရှေ့တွင် ရပ်၍ စကားပြောနေစဉ် သေနတ်သံကြားလိုက်ရပြီးနောက် တစ်ဦးက သေနတ်ဒဏ်ရာဖြင့် လဲကျသွားခဲ့ခြင်းဖြစ်ကြောင်း ကုန်စုံဆိုင်ပိုင်ရှင်က ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားသည်။
ရဲတပ်ဖွဲ့က မျက်နှာချင်းဆိုင်အိမ်ကို သံသယရှိသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ အိမ်အနောက် သစ်ပင်အောက်တွင် ကိုယ်တိုင်လုပ် သေနတ်တစ်လက်နှင့်အတူ ပိုင်ရှင်ဖြစ်သူ အသက် ၅၈ နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦးကို တွေ့ရှိခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။
ထိုင်းနိုင်ငံသားက ကနဦးတွင် စွပ်စွဲချက်များကို ငြင်းဆိုသော်လည်း နောက်ပိုင်းတွင် မြန်မာနိုင်ငံသားနှစ်ဦးသည် သူ၏ အိမ်ရှေ့တွင် အသံကျယ်ကျယ် စကားပြောနေသဖြင့် စိတ်အနှောက်အယှက်ဖြစ်ရာမှ သည်းမခံနိုင်ဘဲ ခြောက်လှန့်လို၍ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။
သို့သော်လည်း ထိမှန်စေရန် ပစ်ခတ်ခဲ့ခြင်းမဟုတ်ဘဲ ဒဏ်ရာရစေလိုသော ရည်ရွယ်ချက်မရှိကြောင်း ၎င်းက ထွက်ဆိုသည်။
ထို့ကြောင့် သေနတ်ပစ်ခတ်ခဲ့သော ထိုင်းနိုင်ငံသားကို ဟန်ဒေါင်းရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင်ဆောင်မှု၊ လူသတ်ရန် ကြံစည်မှုနှင့် အများပြည်သူနေရာတွင် သေနတ်ပစ်ခတ်မှုများဖြင့် အမှုဖွင့်ထားကြောင်း သတင်းတွင် ဖော်ပြသည်။
မြန်မာနိုင်ငံသားက သေနတ်ဒဏ်ရာကို ဆေးရုံတွင် ဆက်လက်ကုသမှု ခံယူနေရဆဲဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
Ref: MGR Online, Chiang Mai News, CH 7, Workpoint 23






