ထိုင်းနိုင်ငံတွင် မိမိ၏ အချက်အလက်များကိုသုံး၍ အခြားသူအား ဖုန်းဆင်းကတ်မှတ်ပုံတင်ပေးပါက ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်ကြောင်း အမျိုးသားရုပ်သံလွှင့်နှင့် ဆက်သွယ်ရေးကော်မရှင် (NBTC) က မတ်လ ၈ ရက်နေ့က ထုတ်ပြန်လိုက်သည်။
ယခုပြင်ဆင်ပြဌာန်းလိုက်သော ဥပဒေအသစ်အရ မိမိအချက်အလက်များကို အသုံးပြု၍ အခြားသူအတွက် ငွေကြေးရယူပြီး မှတ်ပုံတင်ပေးထားသော ဖုန်းဆင်းကတ်များသည် အွန်လိုင်းရာဇဝတ်မှု ကျူးလွန်သည်ဟု ထင်ရှားပါက ဖုန်းဆင်းကတ်ပိုင်ရှင်သည် ထောင်ဒဏ် သုံးနှစ်ဖြစ်စေ ငွေဒဏ် ဘတ် သုံးသိန်းဖြစ်စေ ကျခံရမည်ဖြစ်ကြောင်း ဖော်ပြသည်။
ဥပဒေတွင် ငွေကြေးရယူ၍ အခြားသူများအတွက် ဖုန်းဆင်းကတ် ဝယ်ယူမှတ်ပုံတင်ပေးခြင်းနှင့် မိမိဆင်းကတ်များကို အခြားသူများထံ လွှဲပြောင်းထားခြင်းများလည်း ပါဝင်သည်။
ပြစ်မှုကျူးလွန်သူများက ကလေးနှင့် လူငယ်များအပါအဝင် ပြည်သူများကို ပစ်မှတ်ထား လိမ်လည်၍ ငွေကြေးပေးကာ ဆင်းကတ်မှတ်ပုံတင်ခိုင်းနေကြောင်း၊ ယင်းဖုန်းနံပါတ်များက ငွေကြေးခဝါချမှု၊ အွန်လိုင်းလောင်းကစားမှုများကဲ့သို့ အွန်လိုင်းရာဇဝတ်မှုများကို ကျူးလွန်နေကြကြောင်း NBTC ၏ အထွေထွေအတွင်းရေးမှူး Trairat Viriyasirikul က ပြောသည်။
ထို့ကြောင့် အွန်လိုင်းငွေကြေးလိမ်လည်မှုကဲ့သို့ အွန်လိုင်းရာဇဝတ်မှုများကို နှိမ်နင်းနိုင်ရန် ယခုကဲ့သို့ တင်းကျပ်လုပ်ဆောင်ခြင်းဟုဆိုသည်။
နောက်ထပ် ဘဏ်အကောင့်၊ အွန်လိုင်းငွေကြေး၊ ဖုန်းဆင်းကတ်များကို ရောင်းဝယ်ငှားနေသော ပွဲစားများ၊ စီစဉ်သူများနှင့် ကြော်ငြာပေးသူများလည်း ထောင်ဒဏ် ၂ နှစ်မှ ၅ နှစ်အထိ သို့မဟုတ် ဒဏ်ငွေ ဘတ် ၂ သိန်းမှ ၅သိန်းအထိ သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ကျခံရနိုင်ကြောင်း ဖော်ပြထားသည်။
အကယ်၍ ဖုန်းဆင်းကတ် ငှားရမ်းသုံးစွဲခွင့် ပေးထားသူသည် အခြားသူက အွန်လိုင်းရာဇဝတ်မှု ကျူးလွန်နေသည်ကို သိလျက်နှင့် ခွင့်ပြုပေးထားပါက ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ခုစလုံး ကျခံရမည်ဖြစ်ကြောင်း Trairat Viriyasirikul က ပြောသည်။
လက်ရှိတွင် အမျိုးသားရုပ်သံလွှင့်နှင့် ဆက်သွယ်ရေးကော်မရှင်အနေဖြင့် အမည်ခံဖုန်းဆင်းကတ်များကို နှိမ်နင်း၍ အွန်လိုင်းရာဇဝတ်မှုများကို အရေးယူသွားမည်ဟုဆိုသည်။
ပြည်သူများအနေဖြင့်လည်း အခြားသူများ ဖုန်းဆင်းကတ်ဝယ်ယူရာတွင် မိမိအချက်အလက်ဖြစ်စေ မျက်နှာစကင်ဖတ်ခြင်းဖြစ်စေ ငွေကြေးလက်ခံ၍ ခွင့်မပြုပေးသင့်ကြောင်း ကော်မရှင်က သတိပေးထားသည်။
အကယ်၍ မိမိအချက်အလက်များဖြင့် အခြားသူများ ဖုန်းဆင်းကတ်သုံးစွဲနေသည်ကို တိုင်ကြားလိုသည်ဖြစ်စေ အွန်လိုင်းလိမ်လည်သူများကို တိုင်ကြားလိုသည်ဖြစ်စေ သက်ဆိုင်ရာ ရဲစခန်း သို့မဟုတ် အရေးပေါ်ဖုန်းနံပါတ် ၁၄၄၁ သို့ ဆက်သွယ်နိုင်ကြောင်း သတင်းတွင် ပါရှိသည်။
Ref: The nation Thailand, NNT






