ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် ဆံပင်ညှပ်ဆိုင်အပါအဝင် အလှပြင်ဆိုင်များဖွင့်ထားသည်ဟုဆိုကာ မြန်မာနိုင်ငံသား သုံးဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ကန်ချနဘူရီခရိုင်ထဲတွင် မြန်မာနိုင်ငံသားများ အလှပြင်ဆိုင် ဖွင့်ထားသည်ကို ဆိုရှယ်မီဒီယာများပေါ် ကြော်ငြာနေသည်ဟု တိုင်ကြားမှုရရှိလာသဖြင့် ကန်ချနဘူရီရဲတပ်ဖွဲ့က သွားရောက်စစ်ဆေး ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။
ဇွန်လ ၈ ရက် မွန်းလွဲ ၂ နာရီခန့်က ရဲတပ်ဖွဲ့များ ထာ့မကားဒေသရှိ အလှပြင်ဆိုင်တစ်ဆိုင်ထဲ ဝင်စစ်သောအခါ မြန်မာနိုင်ငံသားအချင်းချင်း ဆံပင်ပြုပြင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆိုသည်။
ထို့ကြောင့် ဆိုင်တွင် လုပ်ကိုင်နေသော အသက် ၂၀ နှစ်အရွယ် ကိုထက်မောင်မောင်လင်းနှင့် အသက် ၂၉ နှစ်အရွယ် မသန်းသန်းမိုးတို့နှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
ယင်းဆိုင်အနီး နောက်တစ်ဆိုင်တွင် အသက် ၃၀ နှစ်အရွယ် ကိုသက်ပိုင်စိုးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြသည်။
အဆိုပါ မြန်မာနိုင်ငံသားသုံးဦးသည် ခွင့်ပြုချက်မရှိဘဲ ဆံပင်ညှပ်၊ အလှပြုပြုရေးလုပ်ကိုင်နေသောကြောင့် နိုင်ငံခြားသားများ လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်မှုဖြင့် အမှုဖွင့်ထားကြောင်း ဆိုသည်။
၎င်းတို့သုံးဦးကို ထာ့လူအန်ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း ဖော်ပြသည်။
ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများသည် နိုင်ငံခြားသားများ လုပ်ပိုင်ခွင့်မရှိသော ကုန်စည်ပို့ဆောင်ရေး၊ အလှပြင်၊ အနှိပ်သည်၊ ဆံပင်ညှပ်၊ ဧည့်လမ်းညွှန်စသော အလုပ်များတွင် မလုပ်ကိုင်ကြရန် အလုပ်သမားဝန်ကြီးဌာနက သတိပေးထားသည်။
အကယ်၍ စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ ချမှတ်ခံရနိုင်ပြီး နေရပ်ပြန်ပို့ခံမည်ဖြစ်ကာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် ၂ နှစ်ပိတ်သိမ်းခံရမည်ဖြစ်သည်။
Ref: Kanchaburi News, Amarin TV, Naewna