စစ်ကောင်စီက စစ်မှုထမ်းဥပဒေအကြောင်းပြပြီး အဓမ္မစစ်သားစုဆောင်းမှုများ လုပ်ဆောင်နေချိန် ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၉၀ ဦးကို ကော့သောင်းဘက်သို့ ယနေ့ထပ်မံလွှဲပြောင်းလိုက်ကြောင်း ကိုယ်တိုင်လိုက်ပါပို့ဆောင်သော မြန်မာနိုင်ငံသားထံမှ သိရသည်။
စက်တင်ဘာလ ၅ ရက်နှင့် ၂၃ ရက်များတွင် မြန်မာနိုင်ငံသား ၂၉၂ ဦးကို နေရပ်ပြန်ပို့ခဲ့ပြီးနောက် ယခု အောက်တိုဘာလအတွင်း ထပ်မံလွှဲပြောင်းလိုက်ခြင်းဖြစ်သည်။
ယနေ့ အောက်တိုဘာလ ၉ ရက် နေ့လယ် ၁၁ နာရီခွဲက ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား အမျိုးသား ၈၁ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၉၀ ဦးကို ကော့သောင်းမြို့သို့ ထပ်မံလွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
ယခုနေရပ်ပြန်ပို့မှုသည် ၂၀၂၅ ခုနှစ်အတွင်း ၁၂ ကြိမ်မြောက် ဖြစ်ပြီး ယခုနှစ်အတွင်း နေရပ်ပြန်ပို့ခံရသူ ၁၇၆၀ ဦး ရှိလာပြီဖြစ်သည်။
ယခုနှစ် ဇန်နဝါရီလတွင် ၁၄၉ ဦး၊ ဖေဖော်ဝါရီလတွင် ၂၀၀ ဦး၊ မတ်လတွင် ၂၅၀ ဦး၊ ဧပြီလတွင် ၂၀၈ ဦး၊ မေလတွင် ၈၁ ဦးနှင့် ဇွန်လ ၂၅ ရက်နေ့က ၁၃၁ ဦး၊ ဇွန်လ ၃၀ ရက်နေ့က ၉၈ ဦး၊ ဇူလိုင်တွင် ၁၆၂ ဦး၊ ဩဂုတ်လတွင် ၉၉ ဦး၊ စက်တင်ဘာလတွင် ၂၉၂ ဦး လွှဲပြောင်းခဲ့ပြီးဖြစ်သည်။
ပြီးခဲ့သော ၂၀၂၄ ခုနှစ်အတွင်း ရနောင်းထိန်းသိမ်းရေးစခန်းမှ ကော့သောင်းသို့ ပြန်လွှဲပြောင်းပေးမှုအကြိမ်ရေ စုစုပေါင်း ၁၄ ကြိမ်အထိ ရှိခဲ့ပြီး မြန်မာနိုင်ငံသား ၂၀၀၅ ဦး အထိ ပြန်လည်ပို့ဆောင်ခဲ့သည်။
နေရပ်ပြန်ပို့မည့် မြန်မာနိုင်ငံသားများကို ရနောင်း ခေါင်နန်းဟောင်မီးပြတိုက်လမ်းမှတစ်ဆင့် ကော့သောင်းဘက်သို့ စက်လှေများဖြင့် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီကလည်း နေရပ်ပြန်လည်ပို့ဆောင်လာသူများကို စစ်မှုထမ်းအသက်တွင် အကျုံးဝင်ပါက ဖမ်းဆီးခေါ်ဆောင်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း စစ်မှုထမ်း စုဆောင်းခံရသူများထံမှ သိရသည်။