သတိပေးချက်
June 18, 2025

မလေးရှားသွားမည့် မြန်မာ ၃၀ကျော် ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံရ

February 10, 2025

February 10, 2025

မလေးရှားနိုင်ငံသို့ သွားရန် တရားမဝင် လမ်းကြောင်းဖြင့် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၃၀ ကျော်သည် ထိုင်း-မလေးရှားနယ်စပ် စွန်ခရာခရိုင်တွင် ဖေဖော်ဝါရီလ ၉ ရက်က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မြန်မာနိုင်ငံသား ၃၃ ဦးသည် အလုံပိတ်ကုန်ကားထဲ လိုက်ပါလာကြပြီး အာရှလမ်းမကြီးအတိုင်း စွန်ခရာမြို့ထဲသို့ အဝင်တွင် ထိုင်းရဲတပ်ဖွဲ့က သတင်းအရ နောက်က လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံသားများသည် လွန်ခဲ့သော သုံးရက်ခန့်က ကရင်ပြည်နယ် ဘုရားသုံးဆူမှ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်သို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူများဖြစ်ကြောင်း ဆိုသည်။

မြန်မာနိုင်ငံသားများတွင် အမျိုးသား ၂၁ ဦးနှင့် အမျိုးသမီး ၁၂ ဦး ပါဝင်ပြီး အားလုံးတွင် နေထိုင်ခွင့် စာရွက်စာတမ်း မရှိကြောင်း ဖော်ပြသည်။

အားလုံးသည် မလေးရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်နိုင်ရန် ဝင်လာကြပြီး ခရီးစဉ်အတွက် တစ်ဦးလျှင် ဘတ် ရှစ်သောင်းခန့်အထိ ကုန်ကျမည်ဖြစ်သည်ဟု မြန်မာများက ထွက်ဆိုထားကြောင်း သတင်းများတွင် ဖော်ပြသည်။

မြန်မာနိုင်ငံသားများကို စမွတ်စခွန်ခရိုင်မှ စွန်ခရာခရိုင်သို့ ခေါ်ဆောင်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ကားသမားက ထွက်ဆိုထားသည်။

အားလုံးကို ရတ်တဖူရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ဥပဒေအတိုင်း အရေးယူမည်ဖြစ်ကြောင်း ဖော်ပြသည်။

ပြီးခဲ့သောနှစ် ဒီဇင်ဘာလက ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသဖြင့် မြန်မာနိုင်ငံသား ၈၁၀ ကျော် ဖမ်းဆီးခံရကြောင်း Dawei Watch က စုစည်းထားသည့် သတင်းအချက်အလက်များအရ သိရသည်။

Ref: Thai PBS, MGR Online, CH 7