ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးကို ဓားဖြင့် ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
မတ်လ ၉ ရက်နေ့ ညနေ ၆ နာရီခန့်က ချင်းမိုင်မြို့ ချန်ကလန်ဒေသရှိ နေအိမ်တစ်ဆောင်တွင် အသက် ၁၄ နှစ်အရွယ် ထိုင်းမိန်းကလေးငယ်တစ်ဦး နေအိမ်တွင် တစ်ဦးတည်းရှိနေစဉ် အမျိုးသားတစ်ဦးက ဝင်လာပြီး အဓမ္မပြုကျင့်ခဲ့သည်ဟု ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့သည်။
ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က နေအိမ်တွင် လူကြီးများ မရှိသည့်အချိန်တွင် အမျိုးသားတစ်ဦးက အိမ်ထဲဝင်လာပြီး ဓါးကိုင်ခြိမ်းခြောက်၍ မိန်းကလေးကို အဓမ္မပြုကျင့်ပြီးနောက် ထွက်ပြေးသွားခဲ့ဟုဆိုသည်။
အဓမ္မပြုကျင့်သူသည် လက်တိုအင်္ကျီနှင့် အနက်ရောင်ဘောင်းဘီကို ဝတ်ဆင်ထားကြောင်း မိန်းကလေးက ထွက်ဆိုခဲ့ပြီး အနီးရှိ CCTV မှတ်တမ်းများကို ခြေရာခံကာ ရဲတပ်ဖွဲ့က လိုက်လံစုံစမ်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပြီး သုံးနာရီခန့်အကြာ ည ၉ နာရီခန့်တွင် သံသယရှိသူကို လူမနေသော နေအိမ်တစ်ဆောင်ထဲတွင် ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးခံရသူသည် အသက် ၃၃ နှစ်အရွယ် မြန်မာနိုင်ငံသားဖြစ်ပြီး CCTV မှတ်တမ်းနှင့် မိန်းကလေး၏ ထွက်ဆိုချက်များနှင့် ကိုက်ညီနေ၍ အခင်းဖြစ်ပွားရာတွင် သုံးခဲ့သော ဓါးကိုလည်း တွေ့ရှိခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။
ရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးမှုရလဒ်အရ မြန်မာနိုင်ငံသားက အဓမ္မပြုကျင့်မှုကို ဝန်ခံခဲ့ပြီး သူမကို အချိန်ကြာ စွဲလမ်းခဲ့ကြောင်း ဖြေကြားထားသည်။
မြန်မာနိုင်ငံသားသည် မိန်းကလေးငယ်နေအိမ်အနီးတွင် ယခင်က အလုပ်လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပြီး မိန်းကလေးကို ချဉ်းကပ်ပြောဆိုခဲ့ဖူးသူဖြစ်ကြောင်း၊ သို့သော်လည်း မိန်းကလေးဘက်က ပြန်လည်တုံ့ပြန်ခဲ့ခြင်းမရှိကြောင်း ရဲတပ်ဖွဲ့၏ စုံစမ်းမှုရလဒ်ကို ဖော်ပြသည်။
မြန်မာနိုင်ငံသားက သူမအနီးရှိ နေအိမ်တွင် နေထိုင်ပြီး အချိန်ပြည့်စောင့်ကြည့်နေခဲ့ကြောင်း ဝန်ခံထားဟုဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံသားကို အဓမ္မပြုကျင့်မှု၊ လက်နက်ကိုင်ခြိမ်းခြောက်မှု၊ နေအိမ်ထဲ ကျူးကျော်ဝင်ရောက်မှုဖြင့် အမှုဖွင့်ထားပြီး ချင်းမိုင်ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း ဖော်ပြသည်။
Ref: Chiang Mai News, CH 7, Workpoint 23






