သတိပေးချက်
March 22, 2026

တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား ၂၉ ဦး မဲဆောက်တွင် ဖမ်းဆီးခံရ

June 10, 2024

June 10, 2024

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီးတွင် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား၂၉ ဦးကို ထိုင်းတပ်မတော်က ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ထိုင်းနယ်ခြားစောင့်တပ်များက မယ်လမတ်ဒေသ နယ်စပ်တစ်လျှောက်တွင် ကင်းလှည့်နေစဉ် မိုးရွာထဲ စောင့်နေသော မသင်္ကာစရာ လူတစ်စုကို စစ်ဆေးရာမှ မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများတွင် မြန်မာနိုင်ငံသား အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ၁၇ ဦး ပါဝင်ပြီး ၎င်းတို့၏ ကျောပိုးအိတ်များကိုလည်း တွေ့ရှိရကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများသည် ဘန်ကောက်မြို့အနီးတွင် သွားရောက်အလုပ်လုပ်ကိုင်ရန် ဝင်ရောက်လာခဲ့ကြပြီး ပွဲစားများကို ဘတ်ငွေ ၁၈၀၀၀ မှ ၂၀၀၀၀ အထိပေးချေခဲ့ရပြီးဖြစ်ကြောင်း ဝန်ခံထားသည်။

မြန်မာနိုင်ငံသားများသည် မြန်မာဘက်ခြမ်းက တရားမဝင် ဝင်ရောက်လာပြီးနောက် မိုးထဲလေထဲ လာကြိုမည့်ကားကို စောင့်နေချိန် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံသားများက ဝန်ခံထားသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများကို မယ်လမတ်ရဲစခန်းသို့ ပို့ဆောင်ကြောင်း သိရသည်။

စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာမှုကြောင့် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရမှုသည် ပြီးခဲ့သော ဖေဖော်ဝါရီလမှ မေလအထိ လေးလအတွင်း ၄၀၀၀ ခန့်အထိ ရှိခဲ့ပြီဖြစ်ကြောင်း အချက်အလက် စုစည်းမှုများအရ သိရသည်။

Ref: Banmuang, หน่วยเฉพาะกิจกรมทหารพรานที่35