ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ယာဉ်တိုက်မှုကြောင့် ဦးနှောက်သေဆုံးခဲ့သော မြန်မာနိုင်ငံသားတစ်ဦး၏ ကျောက်ကပ်တစ်စုံကို မိသားစုဝင်များက ဆေးရုံကြီး၏ ကိုယ်ခန္ဓာလှူဒါန်းရေးဌာနသို့ ပေးလှူခဲ့ကြောင်း မဲဆောက်ဆေးရုံကြီးက ထုတ်ပြန်သည်။
ဦးနှောက်သေဆုံးသူသည် အသက် ၄၁နှစ်အရွယ် ကိုနေဝင်းမောင်ဖြစ်ပြီး ကျန်ရစ်သူမိသားစုဝင်များက ဆေးရုံကြီးထံ ဒီဇင်ဘာလ ၆ ရက်က ပေးလှူခဲ့ခြင်းဖြစ်သည်။
ကိုနေဝင်းမောင်သည် ဆိုင်ကယ်မတော်တဆမှုကြောင့် အရေးပေါ်အခန်းသို့ ရောက်ရှိလာသူဖြစ်ပြီး ဆရာဝန်များက ကြိုးစားကုသပေးခဲ့သော်လည်း ဦးနှောက်သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ခန္ဓာကိုယ်လှူဒါန်းနိုင်ကြောင်း ဆေးရုံကြီးက မိသားစုဝင်များကို ဆွေးနွေးခဲ့စဉ် ကျန်ရစ်သူများက ကိုနေဝင်းမောင်၏ နောက်ဆုံးခရီးအတွက် ကျောက်ကပ်တစ်စုံကို ဆေးရုံ၏ ကိုယ်ခန္ဓာလှူဒါန်းရေးဌာနသို့ ပေးလှူရန် ဆုံးဖြတ်ခဲ့ကြောင်း ဆိုသည်။
ကျောက်ကပ်ပေးလှူခဲ့သော ကျန်ရစ်သူ မိသားစုဝင်များကို မဲဆောက်ဆေးရုံကြီး၏ ဒါရိုက်တာက ကျေးဇူးတင်စကား ဆိုထားပြီး လှူဒါန်းခဲ့သော ကိုနေဝင်းမောင်ကိုလည်း ကောင်းရာမွန်ရာ ရောက်စေရန် ဆုတောင်းပေးထားကြသည်။
လှူဒါန်းပေးခဲ့သော ကျောက်ကပ်တစ်စုံကို ကျောက်ကပ်မကောင်းသော လူနာများအား ကုသပေးသွားမည်ဖြစ်ကြောင်း ဆေးရုံကြီးက ထုတ်ပြန်ထားသည်။