ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မဲဆောက်မြို့တွင် ကားတိုက်မှုကြောင့် မြန်မာလူငယ် အလုပ်သမားနှစ်ဦးသေဆုံးခဲ့ပြီး ထိုင်းနိုင်ငံသားတစ်ဦး ဒဏ်ရာရကြောင်း မဲဆောက်လူမှုကူညီရေးအသင်း (Phitak Kanchan Mae Sot Foundation) ထံမှ သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ၇နာရီခန့်က အာရှလမ်းမကြီးအတိုင်း ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ် (၁) တံတား ဘက်သို့ မောင်းနှင်လာသော အိမ်စီးကားတစ်စီးသည် လမ်းတွင် ရပ်နားထားသော ကုန်တင်ကားကို အနောက်က ဝင်တိုက်ခဲ့ ကြောင်း ဆိုသည်။
ကားတိုက်မှုကြောင့် အိမ်စီးကားပေါ်က အသက် ၂၈နှစ်အရွယ် မြန်မာကားသမား အမျိုးသားတစ်ဦးနှင့် အသက် ၂၅နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း အဆိုပါအသင်းထံမှ သိရသည်။
သေဆုံးခဲ့သော အမျိုးသမီးသည် NISCO (THAILAND) CO., LTD ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်ကြောင်း ဆိုသည်။
နောက်ထပ် ကားအရှေ့ခန်းတွင် လိုက်ပါလာသော ထိုင်းနိုင်ငံသားတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိထားသဖြင့် မဲဆောက်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း အထက်ပါအသင်းထံမှ သိရသည်။
လက်ရှိတွင် ရုပ်အလောင်းနှစ်ခုကို မဲဆောက်ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး မိသားစုဝင်များနှင့် ဆက်သွယ်နေကြောင်း အသင်းထံမှ သိရသည်။






