သတိပေးချက်
February 11, 2026

ဖူးခက်တွင် မြန်မာငါးဖမ်းသမားတစ်ဦး လှေပေါ်မှ ပြုတ်ကျပျောက်ဆုံး

February 11, 2026

February 11, 2026

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်တွင် မြန်မာရေလုပ်သား ငါးဖမ်းသမားတစ်ဦးသည် လှေပေါ်မှ ပြုတ်ကျ၍ ပင်လယ်ထဲ ပျောက်ဆုံးနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ ည ၉ နာရီမှ ၁၁ နာရီကြားတွင် ငါးဖမ်းလှေပေါ် အလုပ်နားနေချိန် ပင်လယ်ထဲ ပြုတ်ကျ၍ ပျောက်ဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း လှေဦးစီး ပြောဆိုချက်ကို ကိုးကားပြီး သတင်းများတွင် ဖော်ပြသည်။

ပျောက်ဆုံးနေသူမှာ အသက် ၃၂ နှစ်အရွယ် ကိုကျော်မင်းဌေးဖြစ်ပြီး ဖေဖော်ဝါရီလ ၁၀ ရက် နံနက် ၁ နာရီခန့်တွင် အလုပ်စတင်ရန် လူပြန်စုသည့်အချိန် ပျောက်ဆုံးနေသည်ကို သိရှိခဲ့ကြောင်း လှေဦးစီးက ဆိုသည်။

ကိုကျော်မင်းဌေး ပျောက်ဆုံးနေသည်ကို သိရှိပြီးနောက် လှေဖြင့် လှည့်ပတ်မောင်း၍ ရှာဖွေခဲ့ပြီး အနီးအနားက လှေများကလည်း မီးထိုး၍ ကူညီရှာဖွေပေးခဲ့သေးကြောင်း ၎င်းက ပြောဆိုသည်။

နံနက် ၄ နာရီအထိ ရှာမတွေ့တော့သဖြင့် ဆိပ်ကမ်းရှိ လှေအဝင်အထွက် ထိန်းချုပ်ရေးစင်တာ (PIPO) ကို ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

လှေကမ်းပြန်ဆိုက်ပြီးနောက် မြန်မာရေလုပ်သား ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ငါးဖမ်းလှေပေါ် စစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်ပြီး လှေဦးစီးနှင့် ဝန်ထမ်းများကို ခေါ်ယူမေးမြန်းနေဆဲဖြစ်ကြောင်း ဖော်ပြသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလတွင်လည်း ထိုင်းနိုင်ငံတောင်ပိုင်း ဖန်းငါးခရိုင်တွင် ငါးဖမ်းလှေလိုက်နေသော ထားဝယ်ဒေသခံ ရေလုပ်သားတစ်ဦးသည် မတော်တဆ ရေထဲပြုတ်ကျ ပျောက်ဆုံးခဲ့သေးသည်။

Ref: Phuket News, Phuket Info Center