စစ်ကော်မရှင်က အဓမ္မစစ်သားစုဆောင်းနေချိန် ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား တစ်ရာကျော်ကို ကော့သောင်းဘက်သို့ ပြန်ပို့လိုက်ကြောင်း အမှတ် ၃ ထိုင်းရေကြောင်းထိန်းသိမ်းရေးက ထုတ်ပြန်သည်။
ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား အမျိုးသား ၈၄ ဦး၊ အမျိုးသမီး ၂၀ ဦး စုစုပေါင်း ၁၀၄ ဦးကို မတ်လ ၉ ရက် နံနက် ၁၁ နာရီတွင် ကော့သောင်းမြို့သို့ ထပ်မံလွှဲပြောင်းခဲ့ခြင်းဖြစ်သည်။
ယခုလွှဲပြောင်းမှုသည် ၂၀၂၆ ခုနှစ်အတွင်း ငါးကြိမ်မြောက်ဖြစ်ပြီး မြန်မာနိုင်ငံသား ၄၀၀ ဦး နေရပ်ပြန်ပို့ပြီးဖြစ်သည်။
ဇန်နဝါရီလတွင် နှစ်ကြိမ် မြန်မာနိုင်ငံသား ၁၆၈ ဦးနှင့် ဖေဖော်ဝါရီလတွင် နှစ်ကြိမ် မြန်မာနိုင်ငံသား ၁၂၈ ဦး နေရပ်ပြန်ပို့ခဲ့သည်။
၂၀၂၅ ခုနှစ်အတွင်း ရနောင်းမှ ကော့သောင်းသို့ နေရပ်ပြန်ပို့ခံရမှု ၁၆ ကြိမ်ရှိခဲ့ပြီး နေရပ်ပြန်ပို့ခံရသူ ၂၀၇၂ ဦးရှိခဲ့သည်။
၂၀၂၄ ခုနှစ်တွင်မူ ရနောင်းထိန်းသိမ်းရေးစခန်းမှ ကော့သောင်းသို့ ပြန်လွှဲပြောင်းပေးမှုအကြိမ်ရေ စုစုပေါင်း ၁၄ ကြိမ်ရှိပြီး မြန်မာနိုင်ငံသား ၂၀၀၅ ဦးကို နေရပ်ပြန်ပို့ခဲ့သည်။
နေရပ်ပြန်ပို့မည့် မြန်မာနိုင်ငံသားများကို ရနောင်း ခေါင်နန်းဟောင်မီးပြတိုက်လမ်းမှတစ်ဆင့် ကော့သောင်းဘက်သို့ စက်လှေများဖြင့် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံဘက်က လွှဲပြောင်းလိုက်သူများကို စစ်ကော်မရှင်က အဓမ္မစစ်မှုထမ်းစုဆောင်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း စစ်မှုထမ်းစုဆောင်းခံရရာမှ လွတ်မြောက်လာသူများ၏ ပြောဆိုချက်များအရ သိရသည်။






