သတိပေးချက်
September 25, 2025

ဘန်ကောက် အီး-စီးကရက်စက်ရုံကို ထိုင်းအာဏာပိုင်များ ဝင်ရောက်စီးနင်း၊ မြန်မာ ၁၁ ဦး ဖမ်းဆီးခံရ

September 11, 2025

September 11, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ တရားမဝင် ထုတ်လုပ်နေသော အီး-စီးကရက်စက်ရုံကို ထိုင်းအာဏာပိုင်များ ဝင်ရောက်စီးနင်းခဲ့ပြီး အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

စက်တင်ဘာလ ၉ ရက်နေ့က ဘန်ကောက်မြို့ ဘန်ခွန်ထီယမ်နယ်မြေရှိ တရားမဝင် အီး-စီးကရက်စက်ရုံကို ထိုင်းမှုခင်းနှိမ်နှင်းရေးတပ်ဖွဲ့က ဝရမ်းအရ ဝင်ရောက်စီးနင်း ရှာဖွေခဲ့ခြင်းဖြစ်သည်။

အဆိုပါစက်ရုံကို တရုတ်နိုင်ငံသား လုပ်ငန်းရှင်များက မြို့လယ်တွင် ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားပြီး တရားမဝင် အီး-စီးကရက်များကို ထုတ်လုပ်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် စက်ရုံထဲက တရုတ်နိုင်ငံသား ၂ ဦးနှင့်အတူ အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁၁ ဦးကို ဖမ်းဆီးခဲ့ဟု သတင်းတွင်ပါရှိသည်။

မြန်မာနိုင်ငံသားများတွင် တရားဝင် အလုပ်လုပ်ခွင့် လက်မှတ်များ မရှိသဖြင့် ဖမ်းဆီးခဲ့ခြင်းဟုဆိုသည်။

နိုင်ငံအနှံ့ ဖြန့်ချိရန် ပြင်ဆင်ထားသော အီး-စီးကရက်ပါကင် ၂၀၀၀၀ ကျော်နှင့်အတူ ထုတ်လုပ်သော ပစ္စည်းကိရိယာများ၊ အရည်သိုလှောင်ထားသော ကွန်တိန်နာများနှင့် အခြားဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းခဲ့ပြီး ကာလတန်ဖိုး ဘတ် ၃ သန်းကျော်ရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ကြောင့် တရုတ်နိုင်ငံသားနှစ်ဦးကို တရားမဝင် အီး-စီးကရက်များဖြင့် စီးပွားရေး လုပ်ဆောင်နေမှုဖြင့် အရေးယူထားပြီး မြန်မာနိုင်ငံသားများကိုမူ အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေမှုဖြင့် အရေးယူထားသည်။

ထိုင်းနိုင်ငံအတွင်း အီး-စီးကရက်များကို ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်းများကို ပိတ်ပင်ထားပြီး စစ်ဆေးတွေ့ရှိပါက ဥပဒေအရ ထောင်ဒဏ် ၁၀ နှစ်အထိနှင့်အတူ ဒဏ်ငွေ ဘတ် ၁ သန်းအထိ ကျခံရနိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: Khaosod, cops magazine