မလေးရှားနိုင်ငံ ဆယ်လန်ဂေါပြည်နယ်တွင် တရားမဝင် နေထိုင်နေသော မြန်မာနိုင်ငံသား ၆၉ ဦး ထပ်မံဖမ်းဆီးခံရကြောင်း မလေးရှားသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နင်းရေး စီမံချက်ဖြင့် ယနေ့ စက်တင်ဘာလ ၁၁ ရက် နံနက်ပိုင်းက ဆယ်လန်ဂေါပြည်နယ် Setapak ဒေသက ၁၉ ထပ် အဆောက်အအုံကို မလေးရှားလဝကအဖွဲ့က ဝင်ရောက်စီးနင်း ရှာဖွေခဲ့ခြင်းဖြစ်သည်။
အဆောက်အအုံထဲတွင် တရားမဝင် နေထိုင်နေသော အမျိုးသား ၈၁ ဦး၊ အမျိုးသမီး ၄၃ ဦးနှင့် ကလေးငယ် ၁ ဦး စုစုပေါင်း နိုင်ငံခြားသား ၁၂၅ ဦးကို ဖမ်းဆီးခဲ့ဟုဆိုသည်။
ဖမ်းဆီးခံရသူများတွင် မြန်မာနိုင်ငံသား ၆၉ ဦး၊ အိန္ဒိယ ၂၅ ဦး၊ ပါကစ္စတန် ၁၄ ဦး၊ အင်ဒိုနီးရှား ၁၂ ဦးနှင့် ဘင်္ဂလားဒေရှ့် ၅ ဦး ပါဝင်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
ဖမ်းဆီးခံရသူအများစုသည် တရားမဝင် ဝင်ရောက်လာပြီး နေထိုင်သူများနှင့် နေထိုင်ခွင့် ဗီဇာ ကျော်လွန်နေသူများဖြစ်ကြောင်း၊ အသက် ၁၆ နှစ်အရွယ်မှ ၇၀ နှစ်အရွယ်အထိ ရှိကြောင်း သိရသည်။
အဆိုပါအဆောက်အအုံထဲတွင် တရားမဝင် နိုင်ငံခြားသားများ နေထိုင်နေကြောင်း တိုင်ကြားချက်ရရှိသဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို သတင်းတွင်ဖော်ပြထားသည်။
ယင်းအဆောက်အအုံမှာ ပုံမှန်အခန်းငှားခအနေဖြင့် တစ်လလျှင် မလေးရှားငွေ ရင်းဂစ် ၂၀၀ မှ ၄၀၀ အထိသာ ရှိသော်လည်း တရားမဝင် နေထိုင်သူများမှာ တစ်လ ရင်းဂစ် ၇၀၀ မှ ၁၂၀၀ ထိ ပေးရသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူများကို ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံအတွင်း တရားမဝင် နေထိုင်သူများအနေဖြင့် လာမည့် ၂၀၂၆ ခုနှစ် ဧပြီလ ၃၀ ရက်အထိ ဖွင့်လှစ်ပေးထားသော နေရပ်ပြန်အစီအစဉ်ဖြင့် နေရပ်ပြန်နိုင်ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို သတင်းတွင်ဖော်ပြထားသည်။
Ref: Malay Mail, BERNAMA