ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား တစ်ရာ ကျော် ယနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းတစ်ရပ်တွင် ဖော်ပြသည်။
ယနေ့ အောက်တိုဘာလ ၁၁ ရက် နံနက်ပိုင်းက ကန်ချနဘူရီမြို့ ဝပ်ခေါင်မေးဘုန်းကြီးကျောင်းရှေ့တွင် ရပ်ထားသော ခြောက်ဘီးတပ် အလုံပိတ်ကုန်တင်ကားကို ရဲတပ်ဖွဲ့က စစ်ဆေးရာမှတစ်ဆင့် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။
ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီးအရေအတွက် ၁၀၇ ဦးရှိပြီး ၎င်းတို့နှင့်အတူ ကျောပိုးအိတ်များကို အလုံပိတ်ကားထဲတွင် တွေ့ရကြောင်း ဖော်ပြသည်။
မြန်မာနိုင်ငံသားများကို စစ်ဆေးရာ ၎င်းတို့သည် ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် ဝင်ရောက်လာကြပြီး တရားဝင် စာရွက်စာတမ်းများ မရှိကြောင်း ဆိုသည်။
မြန်မာနိုင်ငံသားများကို ခေါ်လာသော ထိုင်းကားမောင်းသမားကိုလည်း ကားနှင့်အတူ ဖမ်းဆီးရမိကြောင်း ဖော်ပြသည်။
၎င်းတို့အားလုံးကို ဥပဒေအရ အရေးယူနိုင်ရေး ကန်ချနဘူရီရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။
စက်တင်ဘာလအတွင်း ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်လာမှုကြောင့် မြန်မာနိုင်ငံသား ၁၂၀၀ နီးပါးအထိ ဖမ်းဆီးခံထားရကြောင်း Dawei Watch က စုစည်းထားသည့် သတင်းအချက်အလက်များအရ သိရသည်။
Ref: kanchanaburi News