သတိပေးချက်
February 12, 2026

CI စာအုပ်အသစ် ထုတ်ပေးရေးစခန်းများ ဖေဖော်ဝါရီ ၁၇ စဖွင့်မည်

February 12, 2026

February 12, 2026
ပုံစာ - ပြီးခဲ့သော ၂၀၂၄ ခုနှစ်က စမွတ်ပရကန်ခရိုင်တွင် ဖွင့်လှစ်ခဲ့သော CI စခန်းတစ်ခု

ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) အသစ် ထုတ်ပေးရေးစခန်းများကို လာမည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှစ၍ စတင်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမား သံအရာရှိရုံးက ထုတ်ပြန်သည်။

CI စာအုပ်အသစ် ထုတ်ပေးရေးစခန်းများကို စမွတ်စခွန်၊ စမွတ်ပရကန်၊ ချင်းမိုင်၊ စူရတ်ဌာနီနှင့် ချွန်ဘူရီခရိုင်များတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှစ၍ စတင်ဖွင့်လှစ်ပေးမည်ဟုဆိုသည်။

CI စာအုပ်အသစ် ပြုလုပ်လိုသူများအနေဖြင့် နီးစပ်ရာ 7-Eleven စတိုးဆိုင်များတွင် စာအုပ်ဖိုးကုန်ကျစရိတ် ၂၆၇၀ ဘတ်ကို ပေးသွင်းပြီး မိမိပြုလုပ်လိုသော နီးစပ်ရာ CI စခန်းများတွင် ကြိုတင်ရက်ချိန်း ရယူနိုင်ကြောင်း ဖော်ပြထားသည်။

7-Eleven စတိုးဆိုင်က ပေးလိုက်သော ကြိုတင်ရက်ချိန်းနှင့်အတူ အလုပ်လုပ်ခွင့်လက်မှတ် (Work permit) စာရွက်များကို ကိုင်ဆောင်၍ မိမိရွေးချယ်ထားသော CI စခန်းများတွင် စာအုပ်အသစ် ပြုလုပ်နိုင်မည်ဖြစ်သည်။

ပြီးခဲ့သော ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) ပြုလုပ်ထားသော မြန်မာအလုပ်သမားများ၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် အလုပ်လုပ်ခွင့်လက်မှတ် အသစ်ပြုလုပ်ထားသူများအနေဖြင့် နိုင်ငံကူးလက်မှတ်စာအုပ် မရှိပါက CI စာအုပ်ပြုလုပ်ရမည်ဖြစ်သည်။

CI စာအုပ်ရှိမှသာ အလုပ်လုပ်ခွင့်ဗီဇာ (Non LA) ကို ထည့်သွင်း၍ ထိုင်းနိုင်ငံအတွင်း တရားဝင် ခရီးသွားလာခွင့် ရရှိမည်ဖြစ်သည်။

CI စာအုပ်ဆိုသည်မှာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ဖြစ်ပြီး နိုင်ငံကူးလက်မှတ်မရှိသော ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် ခရီးသွားလက်မှတ်အဖြစ် ထုတ်ပေးထားသော စာအုပ်ဖြစ်ကာ သက်တမ်း ၄ နှစ်ရှိသည်။