သတိပေးချက်
March 12, 2026

ချွန်ဘူရီတွင် ဆောက်လုပ်ရေးလုပ်ငန်းများကို ထိုင်းအာဏာပိုင်များ ဝင်စစ်၊ မြန်မာ ၃၀ ကျော် ဖမ်းဆီးခံရ

March 12, 2026

March 12, 2026

ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင် ဆောက်လုပ်ရေးလုပ်ငန်းခွင်နှစ်ခုကို အာဏာပိုင်များက ဝင်ရောက်စစ်ဆေးခဲ့ပြီး တရားမဝင် အလုပ်လုပ်ကိုင်နေသည်ဟုဆိုကာ မြန်မာအလုပ်သမား ၃၀ ကျော်ကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မတ်လ ၁၁ ရက်က ချွန်ဘူရီခရိုင် ဒွန်ဟွာလိုဒေသနှင့် ဘန်းဘိုဝါဒေသရှိ စက်ရုံဆောက်လုပ်ရေးလုပ်ငန်းခွင်နှစ်ခုကို ရဲတပ်ဖွဲ့အပါအဝင် ဌာနဆိုင်ရာပေါင်းစုံက ရှောင်တင်ခင် ဝင်ရောက်စစ်ဆေးခဲ့သည်။

ပထမလုပ်ငန်းခွင်ထဲတွင် တရုတ်နှင့် မြန်မာနိုင်ငံသား ၂၉ ဦး အလုပ်လုပ်ကိုင်နေသည်ကို တွေ့ရပြီး အများစုတွင် တရားဝင် အလုပ်လုပ်ခွင့် စာရွက်စာတမ်းများကို တွေ့ရကြောင်း ဖော်ပြသည်။

၎င်းတို့အနက် တရုတ်နိုင်ငံသား နှစ်ဦးက အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေသဖြင့် ဒွန်ဟွာလိုရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ဆိုသည်။

ဒုတိယလုပ်ငန်းခွင်ထဲ ဝင်ရောက်စစ်ဆေးစဉ် အလုပ်သမား ၁၀၀ ကျော် အလုပ်လုပ်ကိုင်နေသည်ကို တွေ့ရပြီး အာဏာပိုင်များကို မြင်သည်နှင့် အလုပ်သမားအချို့ ထွက်ပြေးကြောင်း သတင်းများတွင် ဖော်ပြသည်။

အာဏာပိုင်များက ပိတ်ဆို့၍ အလုပ်သမား ၁၁၂ ဦးကို စစ်ဆေးစဉ် မြန်မာနိုင်ငံသား အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၃၁ ဦးသည် အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ တရားမဝင် အလုပ်လုပ်ကိုင်နေသည်ကို တွေ့ရကြောင်း ဆိုသည်။

မြန်မာနိုင်ငံသားများနှင့်အတူ တရုတ်နိုင်ငံသား ၄ ဦးလည်း အလုပ်လုပ်ခွင့်လက်မှတ်မရှိကြသဖြင့် အားလုံးကို ဘန်းဘိုဝါရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

နိုင်ငံခြားသားများကို တရားမဝင် အလုပ်ခန့်ထားသော အလုပ်ရှင်နှစ်ဦးကိုလည်း စစ်ဆေးအရေးယူမည်ဖြစ်ကြောင်း ဖော်ပြသည်။

Ref: FM 91, Chon Buri News