သတိပေးချက်
September 26, 2025

ထိုင်းတောထဲတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာ ၅၀ကျော်ဖမ်းဆီးခံရ

August 12, 2025

August 12, 2025

ထိုင်းနိုင်ငံ ဥထိုင်းဌာနီခရိုင်ရှိ တောထဲတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၅၅ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဩဂုတ်လ ၁၁ ရက် နံနက်ပိုင်းက ထပ်ထန်းဒေသထဲရှိ တောထဲတွင် မသင်္ကာဖွယ်ရာ ကားသုံးစီး ရပ်တန့်ထားသည်ကို တွေ့ရသဖြင့် နယ်မြေခံအာဏာပိုင်များနှင့်အတူ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။

ကားသုံးစီးနှင့်အတူ အနီးတွင် ပုန်းနေသော မြန်မာနိုင်ငံသား အမျိုးသား ၃၆ ဦး၊ အမျိုးသမီး ၁၉ ဦး စုစုပေါင်း ၅၅ ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆိုသည်။

အားလုံးတွင် တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရသဖြင့် ဖမ်းဆီးခဲ့ပြီး ထပ်ထန်းရဲစခန်းသို့ ခေါ်ဆောင်ခဲ့ကာ ဥပဒေအရ ဆက်လက်အရေးယူမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

ဖမ်းဆီးရမိသောနေရာသည် ကန်ချနဘူရီခရိုင်အနီးတွင်ရှိနေပြီး မြန်မာနိုင်ငံသားများ မည်သည့်လမ်းကြောင်းမှတစ်ဆင့် ဝင်လာသည်ကိုမူ သတင်းများတွင် ဖော်ပြထားခြင်းမရှိပေ။

ကားများပေါ်တွင်လည်း ကားမောင်းသူများကို မတွေ့ရဘဲ ရဲတပ်ဖွဲ့များ ဝင်လာသည်ကို တွေ့ရသဖြင့် ထွက်ပြေးသွားသည်ဟု ယူဆရကြောင်း ရဲတပ်ဖွဲ့ဘက် ပြောဆိုထားသည်။

ပြီးခဲ့သော ဇူလိုင်လက မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး ၄၀၀ ဦးအထိ ရှိခဲ့ကြောင်း Dawei Watch က သတင်းစုစည်းချက်များအရ သိရသည်။

Ref: Daily News, Police News