သတိပေးချက်
September 26, 2025

ထိုင်းတွင် စက်ရုံထဲ မြန်မာအိမ်ထောင်သည်အမျိုးသမီးတစ်ဦး ခြိမ်းခြောက်အဓမ္မပြုကျင့်ခံရ

August 12, 2025

August 12, 2025
ပုံစာ - ဘန်လေးနယ်မြေ ပြန်လည်ထူထောင်ရေးနှင့် ကုသရေးဌာနတွင် အမှုအတွက်ဆောင်ရွက်နေစဉ်။ ဓာတ်ပုံ – MHAC

ထိုင်းနိုင်ငံ၊ နခွန်ပထုံခရိုင်ရှိ စက်ရုံတစ်ခုတွင် မြန်မာအိမ်ထောင်သည်အမျိုးသမီးတစ်ဦးကို ထိုင်းနိုင်ငံသားတစ်ဦးက ဓါးကိုင် ခြိမ်းခြောက်၍ အတင်းအဓမ္မပြုကျင့်ကြောင်း အမှုကို ကူညီဆောင်ရွက်ပေးနေသော MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

မြန်မာအမျိုးသမီးသည် လုပ်အားခထုတ်ယူရန် စက်ရုံရှိ အလုပ်သမားတန်းလျားတွင် တစ်ဦးတည်းရှိနေစဉ် ယင်းစက်ရုံတွင် လုပ်ကိုင်နေသော ထိုင်းနိုင်ငံသား ကားမောင်းသူက အခန်းထဲ ဝင်လာပြီး အဓမ္မပြုကျင့်ကြောင်း MHAC ထံမှ သိရသည်။

ဩဂုတ်လ ၂ ရက်က မြန်မာဇနီးမောင်နှံနှစ်ဦးသည် စက်ရုံတွင် လုပ်အားခထုတ်ယူရန်လာစဉ် ရုံးပိတ်ရက်နှင့် တိုက်ဆိုင် နေသဖြင့် ရုံးဖွင့်ရက်အထိ အလုပ်သမားတန်းလျားတွင် ယာယီစောင့်ဆိုင်းပြီး နေထိုင်နေကြကြောင်း ဆိုသည်။

ဩဂုတ်လ ၅ ရက် နံနက် ၄ နာရီခန့်တွင် ထိုင်းနိုင်ငံသား ကားမောင်းသူသည် ပစ္စည်းသယ်ရန်ဟုဆိုကာ အမျိုးသမီး၏ အမျိုးသားကို ကားဖြင့်အပြင်သို့ ခေါ်ထုတ်သွားကြောင်း MHAC ထံမှ သိရသည်။

ယင်းနောက် အမျိုးသားဖြစ်သူကို ခေတ္တစောင့်ဆိုင်းနေရန်ဟုဆိုကာ လမ်းဘေးတစ်နေရာတွင် ချထားခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့ခေါင်းဆောင် ကိုရဲမင်းက ပြောသည်။

နံနက် ၅ နာရီခန့်တွင် ထိုင်းနိုင်ငံသားသည် စက်ရုံသို့ ပြန်လာပြီး ဓါးအတိုတစ်ချောင်းကို ကိုင်ဆောင်ကာ မြန်မာအမျိုးသမီး၏ အခန်းထဲသို့ အတင်းဝင်ရောက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

မြန်မာအမျိုးသမီးက အော်ဟစ်အကူအညီတောင်းခံခဲ့သဖြင့် ထိုင်းနိုင်ငံသားက ထိုးကြိတ်၍ လည်ပင်းညှစ် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ကိုရဲမင်းက ပြောဆိုသည်။

“အခုကတော့ လင်မယားနှစ်ယောက်စလုံးကို ရုံးမှာပဲ ခေါ်ထားပြီး ကူညီဆောင်ရွက်ပေးနေတယ်ပေါ့နော်။ အမျိုးသမီးရဲ့ ဆေးစစ်ချက်တွေနဲ့ အမှုကို ဆက်လိုက်နေပါတယ်။ ကျူးလွန်တဲ့ ထိုင်းနိုင်ငံသားကို ဖမ်းမိထားပါပြီ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မြန်မာဇနီးမောင်နှံ၏ အကူအညီတောင်းခံချက်အရ MHAC မဟာမိတ်အဖွဲ့နှင့်အတူ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ အလုပ်သမားဝန်ကြီးဌာနက အမှုကို လိုက်ပါကူညီဆောင်ရွက်နေကြောင်း ၎င်းက ပြောဆိုသည်။

ထိုင်းနိုင်ငံသားကိုမူ လွန်ခဲ့သော သုံးရက်ခန့်က ဖမ်းဆီးရမိထားပြီး မြန်မာအမျိုးသမီးအတွက် တရားမျှတမှု ရရှိရေးအတွက် အရေးယူနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။