ထိုင်းနိုင်ငံ၊ ပရာကျင်ဘူရီခရိုင်ရှိ စတီးစက်ရုံတွင် သတ္တုအရည်ကျိုသည့် မီးဖိုပေါက်ကွဲမှုကြောင့် မြန်မာအလုပ်သမားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ယနေ့ ဩဂုတ်လ ၁၂ ရက် နံနက် ၃ နာရီခန့်တွင် စီမဟာဖွတ်ဒေသရှိ စတီးစက်ရုံ၏ ဒုတိယအထပ်တွင် မီးဖိုပေါက်ကွဲခြင်း ဖြစ်ကြောင်း ဖော်ပြသည်။
မီးဖိုဘေး၌ သတ္တုအရည်များ ထိစင်လောင်ကျွမ်းကာ မြန်မာအလုပ်သမားတစ်ဦး သေဆုံးပြီး မြန်မာအလုပ်သမား အခြားတစ်ဦးတွင် လက်များလောင်ကျွမ်းပြီး ဒဏ်ရာအပြင်းအထန် ရရှိထားကြောင်း သတင်းများတွင် ဖော်ပြသည်။
ဒဏ်ရာရရှိထားသည့် အလုပ်သမားများကို ကယ်ဆယ်ရေးအဖွဲ့များက ကယ်စမရတ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး သေဆုံး သွားသော မြန်မာအလုပ်သမား၏ အလောင်းကို စစ်ဆေးနိုင်ရန်အတွက် စီမဟာဖွတ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဆိုသည်။
လက်ရှိတွင် သတ္တုအရည်ကျိုသည့် မီးဖိုပေါက်ကွဲရသည့် အကြောင်းအရင်းကိုမူ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။
Ref: Thairath, Daily News, CH 8