သတိပေးချက်
September 25, 2025

ထိုင်းတောင်ပိုင်းတွင် တနင်္သာရီဒေသခံ အဘွားတစ်ဦး ရထားတိုက်ခံရပြီးသေဆုံး

September 12, 2025

September 12, 2025
ပုံစာ - အဘွား ဒေါ်ဝင်း။

ထိုင်းနိုင်ငံတောင်ပိုင်း၊ ချွန်ဖော်ခရိုင်၊ မားအမလိရွာတွင် စက်တင်ဘာလ ၁၁ ရက်က အသက် ၇၀ ကျော် အဘွားတစ်ဦး ရထားတိုက်ခံရပြီး သေဆုံးကြောင်း ယင်းဒေသရှိ ထိုင်းရောက်မြန်မာ အသိုင်းအဝိုင်းထံမှ သိရသည် ။

အဘွားသည် တနင်္သာရီမြို့နယ်၊ တကူဒေသခံ ဒေါ်ဝင်းဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လက ထိုင်းနိုင်ငံရှိ သားသမီးများထံ ရွှေ့ပြောင်းနေထိုင်နေခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။

အဘွား ဒေါ်ဝင်းသည် စက်တင်ဘာလ ၁၁ ရက် နံနက်ပိုင်းတွင် နေအိမ်မှ ပျောက်ဆုံးသွားခဲ့ပြီး မိသားစု တွေ့ရှိပါက ဆက်သွယ်ပေးရန် လူမှုကွန်ရက်ပေါ်တွင် အကူအညီတောင်းခံခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများက ဆိုသည်။

ယင်းနောက် ညနေပိုင်းတွင် ရထားလမ်းဘေး၌ ရထားတိုက်မိသည့်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိသည်ဟု ထိုင်းနာရေးကူညီမှုအသင်း ဘက်က ဆက်သွယ်လာကြောင်း မိသားစုနှင့် နီးစပ်သူများထံမှသိရသည် ။

“အဘွားက အိမ်ကနေပဲ လမ်းလျှောက်ထွက်ရင်း ပျောက်သွားတာ။ သူရထားလမ်းနားမှာ လမ်းမှားနေတော့ မေးသေးတယ်လို့ အဲဒီအနီးအနားကတွေ ပြောပြတယ်။ လမ်းမှားပြီး သွားနေရင်းနဲ့ ရထားတိုက်ခံရသွားတယ်” ဟု နာရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောဆိုသည်။

အဘွား ဒေါ်ဝင်းသည် တကူရွာဘက်က ယခုနှစ်အတွင်း မောတောင်မြို့၊ အမှတ် ၉ ရွာတွင် ပြောင်းရွှေ့နေထိုင်ခဲ့ကာ ယင်းဒေသတွင် တိုက်ပွဲများ ထပ်မံပြင်းထန်လာသဖြင့် သားသမီးများက စိတ်မချ၍ ထိုင်းကို ခေါ်ယူထားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည် ။

အဘွားဒေါ်ဝင်း၏ စျာပနကို မားအမလိရွာ၌ စက်တင်ဘာလ ၁၆ ရက်တွင် ပြုလုပ်မည် ဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။