သတိပေးချက်
June 21, 2025

ထိုင်းသံအမတ်ဟောင်းအသတ်ခံရမှု သံသယရှိသူမြန်မာလူငယ်အား ဖမ်းဆီးပေးရန် မြန်မာရဲကို ထိုင်းရဲတောင်းဆို

October 12, 2023

October 12, 2023

ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ဟောင်းတစ်ဦးကို သတ်ဖြတ်သည်ဟု သံသယရှိသည့် မြန်မာလူငယ်မှာ မြန်မာနိုင်ငံသို့ ထွက်ပြေးသွားသဖြင့် ဖမ်းဆီးပေးရန် ထိုင်းရဲတပ်ဖွဲ့က မြန်မာစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ကို အကြောင်းကြား တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့က အောက်တိုဘာ ၁၀ ရက်နေ့ ရက်စွဲဖြင့် အကြောင်းကြား ထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

အသက် ၁၉ နှစ်အရွယ် မောင်စိုင်းမြတ်မိုးအမည်ရှိ မြန်မာလူငယ်သည် ဘန်ကောက်မြို့တွင် သံအမတ်ဟောင်း Vichit Chitvimarn ကို စက်တင်ဘာ ၂၇ ရက်နေ့က သတ်ဖြတ်ခဲ့သည်ဟု သံသယဖြင့် မှုခင်းတရားရုံးက ဝရမ်းထုတ်၍ ရှာဖွေနေခြင်းဖြစ်သည်။

စက္ကူပုံးများဖြင့် ဖုံးထားသော သံအမတ်၏ အလောင်းကို ချာတူးချတ်ဒေသရှိ သုံးထပ်အဆောက်အအုံ၏ အိမ်သာထဲတွင် အောက်တိုဘာလ ၈ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့သည်။

CCTV မှတ်တမ်းများအရ မောင်စိုင်းမြတ်မိုးသည် သံအမတ်ကို သတ်ဖြတ်ခဲ့ပြီးနောက် ဘဏ်အကောင့်ထဲမှ ဘတ်ငွေ သောင်းချီကို ATM စက်မှ ထုတ်ယူ၍ ချင်းရိုင်သို့ ထွက်ပြေးသွားကြောင်း သတင်းများတွင် ဖော်ပြသည်။

ယင်းနောက် စက်တင်ဘာလ ၂၉ ရက်နေ့တွင် မယ်ဆိုင်-တာချီလိတ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ထွက်ပြေးသွား ခဲ့ပြီးနောက် လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ထပ်မံထွက်ပြေးသွားခဲ့သည်ကို စုံစမ်းသိရှိရကြောင်း ရေးသားထားသည်။

ထို့ကြောင့် မြို့တော်ရဲတပ်ဖွဲ့က မြန်မာလူငယ်ကို တရားစွဲနိုင်ရေး ကူညီဖမ်းဆီးပေးရန် စစ်ကောင်စီရဲတပ်ဖွဲ့ကို စာပေးပို့အကြောင်းကြားထားကြောင်း ဖော်ပြထားသည်။

စာပေးပို့ခြင်းသည် အရေးပေါ်အခြေအနေ အနီရောင်အဆင့်မဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်ပေးရန် အကြောင်းကြား ခြင်းဖြစ်ကြောင်း မြို့တော်ရဲမှူး Thiti Saengsawang က အောက်တိုဘာ ၁၁ ရက်နေ့တွင် ထပ်မံအတည်ပြုသည်။

စာပေးပို့အကြောင်းကြားခြင်းသည် ထိုင်းဥပဒေအတိုင်း တရားစွဲဆိုနိုင်ရေးအတွက် သံသယရှိသူကို ဖမ်းဆီးပေးရန် ပူးပေါင်းပေးရန်အတွက် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲချုပ်၏ ပြောသည်။

သံအမတ်ဟောင်းသည် ယင်းနေအိမ်သို့ စက်တင်ဘာ ၉ ရက်နေ့တွင် ‌ပြောင်းရွှေ့၍ တစ်ဦးတည်းနေထိုင်ခဲ့ခြင်းဖြစ်ပြီး မောင်စိုင်းမြတ်မိုးသည် စက်တင်ဘာ ၁၉ ရက်နေ့တွင် အလုပ်စတင်လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

မောင်စိုင်းမြတ်မိုးသည် ရှမ်းပြည်နယ် မိုင်းရှူးမြို့ဇာတိဖြစ်ကြောင်း စာပေးပို့ထားသော အချက်အလက်များအရ သိရသည်။

Ref: Bangkok Post, The Nation Thailand