သတိပေးချက်
March 23, 2026

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၂၀ကျော် ဖမ်းဆီးခံရ

March 13, 2024

March 13, 2024

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာ အလုပ်သမား ၂၂ ဦးကို ယနေ့ မတ်လ ၁၃ရက် နံနက်ပိုင်းတွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထား သည်။

နံနက် ၈ နာရီခန့်တွင် ထုန့်ဖားဖမ်းဒေသ၌ တရားမဝင် ဝင်လာသော အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၅ ဦးကို ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့များက ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အားလုံးကို စစ်ဆေးရာ ခရီးသွားအထောက်အထား စာရွက်များနှင့် နိုင်ငံကူးလက်မှတ်များ မရှိကြကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

တရားမဝင် တောလမ်းအတိုင်း နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာကြသဖြင့် မောပန်းနေကြကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ပစ်ကပ်ကားတစ်စီး လမ်းဘေးရပ်ထားပြီး အနီးတွင် ခြေရာများ တွေ့ရသဖြင့် ရပ်ကွက်လူကြီးက မသင်္ကာဖြစ်ရာမှ အာဏာပိုင်များနှင့် သွားရောက်စစ်ဆေးစဉ် ဖမ်းမိခြင်းဖြစ်သည်ဟုဆိုသည်။

မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လုပ်ကိုင်နိုင်ရန်အတွက် ပွဲစားများကို တစ်ဦးလျှင် ဘတ် ၁၃၀၀၀ မှ ၁၅၀၀၀ အထိ ပေးချေပြီးဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

အခြားနေရာသွားရန် စောင့်ဆိုင်းနေကြချိန် လာခေါ်မည့် ကားမရောက်လာသေးမီ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း အလုပ်သမားများက ရဲတပ်ဖွဲ့ထံ ပြောဆိုထားသည်။

ဖမ်းဆီးခံရသူအားလုံးကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်အတွက် ထုန့်ဖားဖမ်းရဲစခန်းသို့ ပို့ဆောင်ထားကြောင်း ဖော်ပြသည်။

ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရသူ ၅၀၉ ဦးထက်မနည်း ရှိခဲ့ကြောင်း Dawei Watch က အချက်အလက် စုစည်းထားမှုအရ သိရသည်။

Ref: Bangkok Post, kanchanaburi news