ထိုင်းနိုင်ငံတောင်ပိုင်း၊ ကော့ဖငန်းကျွန်းတွင် မူးယစ်ဆေးဝါးများသုံးစွဲနေသည်ဟုဆိုကာ မြန်မာနိုင်ငံသား ခြောက်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
မြန်မာနိုင်ငံသားများသည် အုပ်စုဖွဲ့၍ မူးယစ်ဆေးဝါးသုံးစွဲနေသော ဗီဒီယိုဖိုင်များကို ၎င်းတို့ကိုယ်တိုင် အွန်လိုင်းပေါ်တင်ထား သည်ကို ကော့ဖငန်းရဲတပ်ဖွဲ့က စုံစမ်းသိရှိခဲ့သဖြင့် ဩဂုတ်လ ၁၁ရက် ညပိုင်းတွင် မြန်မာနိုင်ငံသားများ၏ အခန်းများထဲသို့ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။
ဗီဒီယိုဖိုင်ထဲတွင် ပါဝင်နေသော မြန်မာနိုင်ငံသားများကို ကော့ဖငန်းရဲတပ်ဖွဲ့က ကနဦး စုံစမ်းဖမ်းဆီးစဉ် မောင်ကိုကိုနှင့် မောင်အာကာအမည်ရှိ မြန်မာနိုင်ငံသားနှစ်ဦးကို မောင်ကိုကို၏ အခန်းထဲတွင် ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။
၎င်းတို့နှင့်အတူ မူးယစ်ဆေး ငါးလုံးကို တွေ့ရှိခဲ့ကြောင်း ဆိုသည်။
မူးယစ်ဆေးဝါး သုံးစွဲနေသော ဗီဒီယိုဖိုင်နှင့် ပတ်သက်၍ မောင်ကိုကိုအား ရဲတပ်ဖွဲ့က မေးမြန်းစဉ် ဗီဒီယိုဖိုင်ထဲ သုံးစွဲနေသူမှာ ၎င်းကိုယ်တိုင်ဖြစ်ကြောင်း ဝန်ခံခဲ့သည်ဟု ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို သတင်းများတွင် ဖော်ပြထားသည်။
မောင်ကိုကိုက မူးယစ်ဆေးပြားများကို တစ်လုံးလျှင် ဘတ် ၅၀ နှုန်းဖြင့် ထိုင်းနိုင်ငံသားတစ်ဦးထံမှ ဝယ်ယူပြီး တစ်ကြိမ်ဝယ်လျှင် အလုံး ၅၀ မှ ၁၀၀ အထိရှိကြောင်း ထွက်ဆိုထားသည်ဟု ဆိုသည်။
ဆေးတစ်လုံး တစ်လုံးလျှင် ၁၀၀ ဘတ်ဖြင့် အခြားသူများကို ပြန်လည်ရောင်းချကြောင်း ဝန်ခံထားသည်ဟုလည်း ဖော်ပြသည်။
ထို့နောက် မောင်အာကာ၏ အခန်းသို့ ထပ်မံဝင်ရောက်စစ်ဆေးချိန်တွင် အခန်းထဲ မြန်မာနိုင်ငံသားလေးဦးကို ထပ်မံတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။
မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသော ပစ္စည်းများကို အခန်းထဲတွင် တွေ့ရှိခဲ့သဖြင့် အားလုံးကို ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။
ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများသည် အသက် ၁၈ နှစ်အရွယ်မှ ၂၉ နှစ်အရွယ် လူငယ်အများစုဖြစ်သည်။
လက်ရှိတွင် မောင်ကိုကိုနှင့် မောင်အာကာကို မူးယစ်ဆေးဝါး လက်ဝယ်ပိုင်ဆိုင်မှု၊ ရောင်းချမှု၊ သုံးစွဲမှုများဖြင့် အမှုဖွင့်ထားပြီး ကျန်လေးဦးကို မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် တရားမဝင် ဝင်ရောက်မှုများဖြင့် အမှုဖွင့်ထားကြောင်း သတင်းများတွင် ဖော်ပြသည်။
Ref: CH 7, Khaosod